တာချီလိတ်မြို့၌ မူလတန်းပြ ဆရာ/ဆရာမများအတွက် ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာအခြေခံသင်တန်းဖွင့်လှစ်

တာချီလိတ် မေ ၁၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ မြို့နယ်အဆင့် အခြေခံပညာမူလတန်းပြ ဆရာ ဆရာမများအတွက် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေးဆိုင်ရာ အခြေခံသင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက မကာဟိုခမ်းရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း (တာချီလိတ်)တွင် ကျင်းပသည်။

သင်တန်းဖွင့်ပွဲတွင် တာချီလိတ်မြို့နယ် ပညာ‌ရေးမှူး ဆရာကြီး ဦးလှမင်းနိုင်က ရှေးဦးအရွယ်ကလေးသူငယ်များအား စနစ်တကျပြုစုပျိုးထောင်ပေးခြင်းသည် နိုင်ငံ၏အနာဂတ်စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါကြောင်း၊ မူလတန်းပြ ဆရာ/ဆရာများအနေဖြင့် ကလေးသူငယ်များ၏ အသက်အရွယ်နှင့်ကိုက်ညီသည့် သင်ကြားနည်းစနစ်များကို သိရှိနားလည်ပြီး လက်တွေ့အသုံးချနိုင်ရန်လိုအပ်ကြောင်း အမှာစကားပြောကြားပြီး သင်တန်းနည်းပြများက သင်တန်းတွင်ပို့ချမည့်ဘာသာရပ်များ၊ ကလေးသူငယ်များ၏ စိတ်ပိုင်းနှင့်ရုပ်ပိုင်းဖွံ့ဖြိုးမှုဆိုင်ရာအချက်များ၊ ကစားခြင်းအခြေပြုသင်ကြားရေးနည်းလမ်းများနှင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ သိမှတ်ဖွယ်ရာများကို ရှင်းလင်းပြောကြားသည်။

အဆိုပါသင်တန်းသို့ မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ၊ အမျိုးသားသင်ရိုးသင် ပုဂ္ဂလိကကိုယ်ပိုင်ကျောင်းများနှင့် အခြေခံပညာကျောင်းများမှ မူလတန်းပြ ဆရာ/ ဆရာမ ၁၈၈ ဦးတက်ရောက်လျက်ရှိပြီး သင်တန်းနည်းပြဆရာ ၈ ဦးက သင်တန်းတွင် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေးဆိုင်ရာ အခြေခံသဘောတရားများ၊ ကလေးဗဟိုပြုသင်ကြားရေးနည်းစနစ်များနှင့် လက်တွေ့အသုံးချနိုင်မည့် ပညာရပ်များကို မေလ ၂၄ ရက်နေ့အထိ ၁၀ ရက်ကြာ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကျော်ဇေယျာလင်း (ပြန်/ဆက်)