လင်းခေးမြို့နယ်၌ ၂၀၂၆-၂၀၂၇ ခုနှစ် မိုးရာသီပန်းတိုင်အထွက်နှုန်းရရှိရေး စံပြကွက်စိုက်ပျိုး နည်းပညာသင်တန်းနှင့် ဓာတ်မြေဩဇာ (ဒုတိယအကြိမ်) ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနား ကျင်းပ

လင်းခေး မေ ၁၄

ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ လင်းခေးမြို့နယ်၏ (၂၀၂၆-၂၀၂၇) ခုနှစ် မိုးရာသီ ပန်းတိုင်အထွက်နှုန်းရရှိရေး စံပြကွက်စိုက်ပျိုးမည့် တောင်သူများအား အဆိုပါ စိုက်ပျိုးနည်းပညာ သင်တန်းပို့ချခြင်းနှင့် ဓာတ်မြေဩဇာ  (ဒုတိယအကြိမ်) ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နေ့လယ်ပိုင်းက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၌ ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းဆေဟန်(ခ)ဦးစိုင်းထွန်းစံက အဖွင့်အမှာစကားပြောကြားသည်။ ဆက်လက်၍ ရှမ်းပြည်နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယပြည်နယ်ဦးစီးမှူး ဦးငြိမ်းထွန်းက အထွက်တိုးစံပြကွက်စိုက်ပျိုးမည့် တောင်သူများအား‌ သင်တန်းပို့ချခြင်းနှင့် ဓာတ်မြေဩဇာထောက်ပံ့ပေးအပ်ခြင်းနှင့် စပ်လျဉ်းသည်များ ရှင်းလင်းပြောကြားသည်။

ဆက်လက်ပြီး တာဝန်ရှိသူတို့က ပန်းတိုင်အထွက်နှုန်းရရှိ ရေးစံပြကွက်စိုက်ပျိုးကြမည့် တောင်သူ(၅၅)ဦးထံ ဓာတ်မြေသြဇာများ အသီးသီး ထောက်ပံ့ပေးအပ်ခဲ့ကြပြီး အခမ်းအနားအား ရုပ်သိမ်းလိုက်သည်။

၎င်းသင်တန်းပို့ချရာတွင် ဒုတိယပြည်နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူတို့က မီးခိုးမြူငွေ့လျှော့ချရေး၊ ဆီထွက်သီးနှံတွင် ကျရောက်တက်သည့် ပိုးမွှားရောဂါများအကြောင်း၊ ဆီထွက်သီးနှံအထူးဇုန် ပြုလုပ်ရခြင်းနှင့် ပန်းတိုင်အထွက်နှုန်းရရှိအောင် ဆောင်ရွက်ရာ၌ လိုက်နာရမည့်အချက်များနှင့် စပ်လျဉ်းသည်များကို ပို့ချသင်ကြားပေးခဲ့ကြကြောင်း တင်းရသည်။

စိုင်းဇော်လတ်(လင်းခေး)