မိုးနဲ မေ ၁၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်၌ မေလအစောပိုင်းကစတင်ကာ ပဲပုပ်စိုက်ခင်းများကို စတင်ရိတ်သိမ်းလျက်ရှိပြီး ချွေလှေ့ရောင်းချရချိန်တွင် ဈေးကောင်းရရှိရန် မျှော်လင့်နေကြောင်း သိရသည်။
အဆိုပါ ပဲပုပ်စိုက်ပျိုးခြင်းကို စတင်စိုက်ပျိုးချိန်မှ (၄)လကြာချိန်တွင် ရိတ်သိမ်းရကြောင်း၊ ယခုအချိန်တွင် စတင်ရိတ်သိမ်းနေကြပြီးဖြစ်ရာ အငှားနေ့စားတစ်ဦးလျှင် ကျပ် (၂၀၀၀၀)နှုန်းနှင့် တစ်ခွဲလျှင် (၇)ယောက်နှုန်းဖြင့် ပုပ်ပြတ်ရိတ်သူများလည်းရှိကြောင်း၊ မိုးနဲမြို့နယ်တွင် အဓိက စိုက်ပျိုးသီးနှံများအဖြစ် စပါး၊ ပဲပုပ်၊ ပြောင်း၊ ကြက်သွန်တို့ကို အဓိကထားစိုက်ပျိုးကြပြီး တစ်နိုင် တစ်ပိုင်သီးနှံများအဖြစ်လည်း မြေနေရာလွတ်များ၌ ဖရုံ၊ ငှက်ပျော၊ ငရုတ်၊ သခွား၊ ပဲတောင့်ရှည်၊ ခရမ်း၊ ဖူးစားပြောင်းနှင့် အခြားသီးနှံများကိုပါ ရာသီအလိုက်စိုက်ပျိုးကြသေးကြောင်း စိုက်ပျိုးတောင်သူများထံမှသိရသည်။
မိုးနဲမြို့နယ်တွင် စိုက်ပျိုးရေးလုပ်ကိုင်ကြသူများအနေဖြင့် မြို့နယ်တွင်း ပွဲရုံများရှိသောကြောင့် ရောင်းဝယ်ရာတွင် အခက်အခဲမရှိကြောင်း၊ စိုက်ပျိုးရေးလုပ်ကိုင်ရာတွင် စိုက်ပျိုးစရိတ်၊ ထွန်ယက်စရိတ်၊ ငှားရမ်းစရိတ်နှင့် ချွေလှေ့စရိတ်များရှိသောကြောင့် ရောင်းချရချိန်တွင် ဈေးကောင်းရရှိရန် မျှော်လင့်နေကြကြောင်း သိရသည်။
ဇင်ကိုကို