လားရှိုးမြို့တွင် မူလတန်းပြ ဆရာ၊ ဆရာမများအတွက် ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ဆရာဖြစ်သင်တန်း (မြို့နယ်အဆင့် ဆင့်ပွား) ဖွင့်ပွဲအခမ်းအနားကျင်းပ

လားရှိုး မေ ၁၄

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးမြို့တွင် အခြေခံပညာမူလတန်းဆင့်သင် KG နှင့် Grade-1 ဆရာ၊ ဆရာမများအတွက် KG နှင့် Grade-1 သင်ပြနည်းစနစ်နှင့် မူကြိုသင်ပြနည်းစနစ် ချိတ်ဆက်ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ မူလတန်းပြ ဆရာ၊ ဆရာမများအတွက် ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ဆရာဖြစ်သင်တန်း (မြို့နယ်အဆင့် ဆင့်ပွား) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက အ.ထ.က (ခွဲ)၊ အ.လ.က (၉)ကျောင်း၌ ကျင်းပသည်။

ဦးစွာ ပြည်နယ်ပညာရေးမှူးရုံး (ရုံးခွဲ) ရှမ်းမြောက် လားရှိုးမှ ညွှန်ကြားရေးမှူး ဦးတင့်ဆွေ အမှာစကားပြောကြားပြီး လားရှိုးခရိုင် ပညာရေးမှူးရုံးမှ ခရိုင်ပညာရေးမှူး ဦး‌အေးဝင်းက သင်တန်းဖွင့်လှစ်သည့် ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။

ထို့နောက် မြို့နယ်ပညာရေးမှူးရုံးမှ မြို့နယ်ပညာရေးမှူး ဒေါ်သန်းသန်းမော်က သင်တန်းစည်းမျဉ်း စည်းကမ်းများအား ရှင်းလင်းပြောကြားသည်။

အဆိုပါ သင်တန်းအား မေလ (၁၄) ရက်နေ့မှ (၂၄) ရက်နေ့အထိ သင်တန်းနည်းပြ ဆရာ၊ ဆရာမ (၆) ဦးဖြင့် ဖွင့်လှစ်သင်ကြားမည်ဖြစ်ပြီး သင်တန်းသားသင်တန်းသူ ဆရာ၊ ဆရာမ အခြေခံပညာဦးစီးဌာနမှ ၁၀၅ ဦး၊ ကိုယ်ပိုင်ကျောင်းများမှ (၉) ဦး၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများမှ (၈) ဦး စုစုပေါင်း (၁၂၂) ဦး တက်ရောက်သင်ကြားလျက်ရှိကြောင်း သိရသည်။

လူမော် (ပြန်/ဆက်)