အိန္ဒိယသမုဒ္ဒရာ ဒေသတွင်း နိုင်ငံဖြတ်ကျော် မဟောဗောဓိဘုရားများ ကမ္ဘာ့အမွေအနှစ်စာရင်း ဝင်ရောက်နိုင်ရေး အဆိုပြုစာရင်း (Tentative List) တင်သွင်းခြင်း ဆောင်ရွက်

ညောင်ဦး မေ ၁၄

အိန္ဒိယသမုဒ္ဒရာ ဒေသတွင်း နိုင်ငံများဖြစ်ကြသည့် မြန်မာနိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ ထိုင်းနိုင်ငံတို့ပူးပေါင်း၍ မဟာဗောဓိဘုရားများ ဖြစ်ကြသည့် မြန်မာနိုင်ငံမှ မဟာဗောဓိ (ပုဂံ၊ ပဲခူး)၊ အိန္ဒိယနိုင်ငံမှ ဗုဒ္ဓဂါယာ မဟာဗောဓိနှင့်ထိုင်းနိုင်ငံမှ Wat Chet Yot /Wat Ched Yod Chiengmai တို့ကို နိုင်ငံဖြတ်ကျော် Serial Nomination အဖြစ် ဆောင်ရွက်နိုင်ရေးအတွက် အဆိုပြုစာရင်း (Tentative List) တင်သွင်းခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း ရှေးဟောင်း သုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲ၊ ညွှန်ကြားရေးမှူး ဦးညီမွန်းထံက သိရသည်။

 ပုဂံဌာနခွဲအနေဖြင့် အဆိုပြုစာရင်းတင်သွင်းရေးလုပ်ငန်းစဉ် အောင်မြင်ရေးအတွက် လိုအပ်သည့် အချက်အလက်များပြုစုခြင်း၊ ထိန်းသိမ်းစောင့်ရှောက်ခြင်း၊ သုတေသနပြုခြင်း၊ ညှိနှိုင်းဆွေးနွေးပွဲများ ပြုလုပ်ခြင်း၊ ပေါင်းစပ်ဆောင်ရွက်ခြင်းများ ပြုလုပ်လျက်ရှိကြောင်း၊ ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲ၊ အစည်းအဝေးခန်းမ၌ မတ်လ ၉ ရက်နေ့ တွင် မန္တလေးတိုင်းဒေသကြီးယဉ်ကျေးမှုအမွေအနှစ်များ ကာကွယ်ထိန်းသိမ်းရေးကော်မတီ (ဒေသခံ)ကော်မတီဝင်များ၊ မဟာဗောဓိဘုရား ဂေါပကအဖွဲ့ဝင်များ၊ မဟာဗောဓိဘုရား ထိန်းသိမ်းစောင့်ရှောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် Archaeological Survey of India, ASI အဖွဲ့နှင့်ဌာနခွဲမှ တာဝန်ရှိသူများဖြင့်မဟာဗောဓိဘုရားနှင့်ပတ်သက်၍ ဆောင်ရွက်ထားသည့် သုတေသနလုပ်ငန်းများ၊ ထိန်းသိမ်းရေးလုပ်ငန်းများ၊ဆက်လက် ဆောင်ရွက်ရမည့်လုပ်ငန်းများအား ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

မဟောဗောဓိဘုရာများ ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ရောက်နိုင်ရေး အဆိုပြုစာရင်း (Tentative List)တင်သွင်းနိုင်ရေးအတွက်ဦးစီးဌာနမှ ဖွဲ့စည်းထားသည့်အဖွဲ့များမှ မိမိတို့နှင့် သက်ဆိုင်သည့် သတင်းအချက်အလက် ပြုစုခြင်း၊ မှတ်တမ်းတင်ခြင်း၊ Drone မှတ်တမ်းရိုက်ကူးခြင်း၊ မြေပုံ ရေးဆွဲခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ ဆက်လက်၍ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ရန်ကုန်ဌာနခွဲ၊ အစည်းအဝေးခန်းမ၌ ဧပြီ ၂၀ ရက်မှ ၂၂ ရက်နေ့ထိ  ဒုတိယညွှန်ကြားရေးမှူးချုပ်(ပြတိုက်များ)၊ ရှေးဟောင်းသုတေသနအကြံပေးပညာရှင် ဒေါက်တာသိန်းလွင်တို့ ဦးဆောင်၍ ရန်ကုန်ဌာနခွဲ၊ ပုဂံဌာနခွဲ၊ ပဲခူးဌာနခွဲ တို့မှ တာဝန်ရှိသူများ၊ Bagan Heritage Trust ၊ Archaeological Survey of India, ASI  အဖွဲ့တို့မှ တာဝန်ရှိသူများ ပူးပေါင်း၍ Nomination Dossier ရေးသားခြင်း ၊ Boundary Map ရေးဆွဲခြင်း၊ Criteria များ ရွေးချယ်ခြင်း ၊ Assessment များ ကောက်ယူခြင်း၊ မှတ်တမ်းဓာတ်ပုံ၊ ဗီဒီယိုမှတ်တမ်းများ ရိုက်ကူးခြင်း၊ လိုအပ်သည့် သုတေသနလုပ်ငန်းများ၊ ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြပြီး ပဲခူးမြို့၊ မဟာဗောဓိဘုရားသို့ ကွင်းဆင်းလေ့လာခဲ့ကြောင်း သိရသည်။

 မိမိနိုင်ငံရှိ အမွေအနှစ်များကို ထိန်းသိမ်းစောင့်ရှောက်၍ ကမ္ဘာ့အမွေအနှစ် စာရင်းဝင်အဖြစ်ဆောင်ရွက်ခြင်းသည် အမျိုးဂုဏ်ထိန်းသိမ်းခြင်းဖြစ်ကြောင်း၊ သို့ဖြစ်ပါ၍ အများ ပြည်သူများမှ တတ်စွမ်းသလောက် အမွေအနှစ်များ ထိန်းသိမ်းခြင်း၊ ရေရှည်တည် တံ့အောင် ကာကွယ်ပေးခြင်းဖြင့် အမျိုးဂုဏ်မြှင့်တင်ခြင်း၊ ခရီးသွားကဏ္ဍတိုးတက်စေရန် ဆောင်ရွက်ခြင်းအပြင် နိုင်ငံဝင်ငွေ တိုးပွားအောင် ပြည်သူလူထုအားလုံး ဝိုင်းဝန်းပူးပေါင်းပေးကြနိုင်စေရန် အများပြည်သူများ သိရှိ၍ ပူးပေါင်းထိန်းသိမ်းနိုင်ကြောင်း ပုဂံဌာနခွဲ တာဝန်ရှိသူများထံက သိရသည်။

ဒီပါလင်း