ဒဂုံဝောာင် မေ ၁၄
အလုပ်သမားဝန်ကြီးဌာန၊ အလုပ်သမားရေးရာဆက်ဆံရေးဦးစီးဌာနက အစိုးရသစ် ရက် (၁၀၀) စီမံချက်ဖြင့် အလုပ်သမားရေးရာ လုပ်ငန်းညှိနှိုင်းရေးကော်မတီ (WCC) အဖွဲ့ဝင်များ၏ စွမ်းရည်မြှင့်သင်တန်းကို ယမန်နေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် စက်မှုဇုန်(၁)၊ တောင်ဒဂုံစက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီရုံးခန်းမ၌ ကျင်းပပြုလုပ်ပြီး ရန်ကုန်တိုင်းဒေသကြီးရှိ ဦးစီးဌာန၊ အဖွဲ့ရုံးတို့က တိုင်းဒေသကြီးတာဝန်ခံများနှင့် မြို့နယ်တာဝန်ခံအရာရှိများ တက်ရောက်ခဲ့ကြသည်။
အဆိုပါသင်တန်းတွင် အလုပ်သမားညွှန်ကြားရေးဦးစီးဌာနက အလုပ်သမားညွှန်ကြားရေးဦးစီးဌာနမှ စည်းကြပ်သည့် ဥပဒေများနှင့်နည်းဥပဒေများကို ရှင်းလင်းပို့ချပြီး အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနက အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနမှ စည်းကြပ်သည့် ဥပဒေများနှင့် နည်းဥပဒေများကို ဆွေးနွေးပို့ချခဲ့သည်။
ဆက်လက်၍ လူမှုဖူလုံရေးအဖွဲ့က လူမှုဖူလုံရေးဥပဒေပါ အာမခံစနစ်များ၊ ထည့်ဝင်ကြေးနှုန်းထားများ၊ ငွေကြေးအကျိုးခံစားခွင့်များကို ရှင်းလင်းပို့ချပေးပြီး အလုပ်သမားဆက်ဆံရေးဦးစီးဌာနက စည်းကြပ်သော ၂၀၁၂ ခုနှစ် အလုပ်သမားရေးရာ အငြင်းပွားမှု ဖြေရှင်းရေးဥပဒေ၊ နည်းဥပဒေများ၊အငြင်းပွားမှုဖြေရှင်းခြင်း နည်းလမ်းများကို သင်ကြားပို့ချပေးပြီး အငြင်းပွားမှုဖြေရှင်းခြင်းကို သင်တန်းသားများဖြင့် လက်တွေ့ပို့ချဆောင်ရွက်ခဲ့သည်။
အဆိုပါသင်တန်းတွင် ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်ရုံး စည်းကြပ်နယ်မြေအတွင်းရှိ စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများမှ အလုပ်သမားရေးရာလုပ်ငန်းညှိနှိုင်းရေးကော်မတီ (WCC) အဖွဲ့ဝင် သင်တန်းသား၊ သင်တန်းသူ (၅၀) ဦး တက်ရောက်ကြောင်း သိရသည်။
နေမျိုးအောင်