မိုးနဲမြို့၌ တိုင်ထောင် ပဲတောင့်ရှည် တစ်ပိုင်တစ်နိုင်စိုက်ပျိုးသူများ မိသားစုအပိုဝင်ငွေရရှိ

မိုးနဲ မေ ၁၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်အတွင်းရှိ ကျေးရွာအများစုသည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကိုလုပ်ကိုင်ကြပြီး သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ မိသားစု အပိုဝင်ငွေရရှိရန်အတွက်တိုင်ထောင်ပဲခေါ် ပဲတောင့်ရှည်သီးနှံများကို တစ်ပိုင်တစ်နိုင်စိုက်ပျိုးရာမှ မိသားစုအပိုဝင်ငွေများရရှိကြောင်း စိုက်ပျိုးသူတောင်သူ ဦးစိုင်းသန်းထွန်းထံမှ သိရသည်။

ပဲတောင့်ရှည်ကို စိုက်ပျိုးပြီး တစ်လခွဲကျော်ခန့်အကြာတွင် အသီးများစတင်ခူးဆွတ် ရောင်းချရကြောင်း၊ တိုင်ထောင်ပဲခေါ် ပဲတောင့်ရှည်ကို စိုက်ခင်းသို့လာရောက်ဝယ်ယူသူများရှိသလို ဈေးနေ့များတွင် ကိုယ်တိုင်လည်းသွားရောက်ရောင်းချကြောင်း၊ ဒီမှာတော့ ပိဿာဈေးနဲမရောင်းဘဲ အစည်းလိုက်ရောင်းချကြောင်း၊ တစ်စည်းတွင်း ပဲတောင့်ရှည် ရှစ်တောင့်ခန့်ပါရှိပြီး ငွေကျပ် တစ်ထောင်ဖြင့်ရောင်းချကြောင်း၊ ပဲတောင့်ရှည်စျေးနှုန်းများကောင်းမွန်လာသောကြောင့် တောင်သူများအကျိုးအမြတ်ရရှိပြီး မိသားစုအပိုဝင်ငွေများရရှိကြောင်း စိုက်ပျိုးသူ တောင်သူက ဆက်လက်ပြောကြားခဲ့သည်။

ပဲတောင့်ရှည်စိုက်ပျိုးမည်ဆိုပါက မြေခံအဖြစ် နွားချေး၊ ယူရီးယားမြေဩဇာများ စနစ်တကျအသုံးပြုရပြီးလိုအပ်သည့်အချိန်တွင် ပေါင်းလိုက်ခြင်း၊ မြေဆွပေးခြင်း၊ အစိုဓာတ်မပျက်အောင်ရေသွင်းပေးခြင်း၊ ပိုးသတ်ဆေးနှင့် အပင်အားတိုးဆေးများဖျန်းပေးပါက အထွက်နှုန်းပိုမိုကောင်းမွန်ကြောင်းနှင့် စိုက်ပျိုးရေးဆိုင်ရာနည်းပညာပေးခြင်းများကိုလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနဦးစီးမှူး ဦးဇော်မော်ဦးက ပြောကြားခဲ့သည်။

မျိုးညွန့်ရွှေ(မိုးနဲ)