မိုင်းယောင်း မေ ၁၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် ဝမ်တပ်အုပ်စု၊ ဝမ်ဒေကျေးရွာနှင့် ဝမ်ထန်ကျန့်အုပ်စု၊ ကော်ဆမ်မိမ်းကျေးရွာတို့၌ ယမန်နေ့က အသိပညာပေးဟောပြောပွဲများ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေနှင့် ဌာနဆိုင်ရာမှတာဝန်ရှိသူများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်မျိုးအေးချိုတို့က လူကုန်ကူးမှုတားဆီးကာကွယ်ရေး၊ မူးယစ်ဆေးဝါးတားဆီးကာကွယ်ရေး၊ ဒေသဖွံ့ဖြိုးရေး၊ လူငယ်ရေးရာ၊ နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ကင်းစင်ရေး၊ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး၊ အထွက်နှုန်းပန်းတိုင်ပြည့်မီရေး အသိပညာပေးဟောပြောသည်။
ထို့နောက် အုတ်ကြွပ်များ အဆင့်မီထုတ်လုပ်နိုင်ရေး၊ ရော်ဘာ၊ လက်ဖက်နှင့် ကော်ဖီများ ကုန်ချောထုတ်လုပ်နိုင်ရေး၊ ၂၀၂၆-၂၀၂၇ ဆီထွက်သီးနှံနေကြာလျာထားချက်ပြည့်မီအောင် စိုက်ပျိုးနိုင်ရေး၊ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး၊ ချောင်းများသန့်ရှင်းရေးနှင့် ရေစီးရေလာကောင်းမွန်စေရေး၊ အမှိုက်စနစ်တကျစွန့်ပစ်ရေးတို့ကိုဆွေးနွေးပြီး အာဟာရကျွေးမွေးခြင်းလည်း ဆောင်ရွက်ခဲ့သည်။
ထို့ပြင် ဝမ်ဒေကျေးရွာနှင့် အမှတ်(၂)ရပ်ကွက်တို့၌ ယစ်မျိုးလိုင်စင်တည်နေရာပြောင်း၊ အမည်ပြောင်းလျှောက်ထားသည့်နေရာအား ကွင်းဆင်းစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း