လားရှိုးမြို့တွင် ကလေးအလုပ်သမားနှင့် အဓမ္မခိုင်းစေမှုပပျောက်ရေး အသိပညာပေးဟောပြောပွဲကျင်းပ

လားရှိုး မေ ၁၄

ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်ရုံးမှ ကလေးအလုပ်သမားနှင့် အဓမ္မခိုင်းစေမှုပပျောက်ရေးအသိပညာပေးဟောပြောပွဲကို ယမန်နေ့က ခရိုင်လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမရှိ သင်တန်းခန်းမ၌ ဆောင်ရွက်ခဲ့သည်။

ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တွဲဖက်ပြည်နယ်ရုံး(လားရှိုး)မှ ဒုတိယညွှန်ကြားရေးမှူး ဦး‌ဇော်ဌေးအောင်က မည်သည့်အလုပ်မျိုးကိုမဆို အသက် ၁၄ နှစ်အောက် ကလေးငယ်များအား လုပ်ကိုင်ခွင့်မပြုရန်ဥပဒေများက တင်းကြပ်စွာတားမြစ်ကြောင်း၊ အန္တရာယ်ရှိသည့်အလုပ်မျိုးနှင့် ခေါင်းပုံဖြတ်အမြတ်ထုတ်မှုခံရသည့်အလုပ်တို့ကို လုပ်ကိုင်နေရသည့် ကလေးငယ်များ၏ စိတ်ပိုင်း၊ ရုပ်ပိုင်းနှင့် လူမှုဆက်ဆံရေးပိုင်းဆိုင်ရာဖွံ့ဖြိုးမှုများ၊ ကလေးငယ်များအတွက် အန္တရာယ်ရှိပြီး ခေါင်းပုံဖြတ်အမြတ်ထုတ်ခံရမည့် အလုပ်များ၊ လုပ်ငန်းပိုင်ရှင်များအနေဖြင့် ကလေးငယ်များကို ကာကွယ်စောင့်ရှောက်ပေးနိုင်သည့် နည်းလမ်းများ၊ ကလေးများလုပ်သောအလုပ်နှင့်ပညာသင်ကြားခွင့်၊ ကျန်းမာရေးစောင့်ရှောက်မှုခံယူပိုင်ခွင့်၊ မတော်မတရားပြုမှု၊ အကြမ်းဖက်မှုနှင့် ခေါင်းပုံဖြတ်အမြတ်ထုတ်မှုတို့မှ အကာအကွယ်ပေးခံပိုင်ခွင့်နှင့် ပါဝင်ခွင့်များ၊ လုပ်ငန်းရှင်များအတွက် ကလေးသူငယ်အခွင့်အရေးဆိုင်ရာမူများနှင့် မြန်မာနိုင်ငံရှိ ကလေးသူငယ်နှင့်သက်ဆိုင်သည့် ဥပဒေနည်းဥပဒေများအား  အသိပညာပေး ဟောပြောခဲ့သည်။

ထို့နောက် လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုင်းထွန်းနေလှိုင်က အဓမ္မခိုင်းစေမှုဆိုသည့် အဓိပ္ပာယ်၊  အဓမ္မခိုင်းစေမှု ပပျောက်ရေးအတွက် တိုင်ကြားနိုင်သည့်နည်းလမ်းများ၊ တိုင်ကြားပုံ နည်းစနစ်များ၊ တိုင်ကြားမှုပြုလုပ်ရန် ဆက်သွယ်ရမည့်နည်းလမ်းများစသည့်ဖြင့် အဓမ္မခိုင်းစေမှုပပျောက်စေရေး အားလုံးပူးပေါင်းပါဝင်ဆောင်ရွက်ပေးခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောခဲ့ရာ တက်ရောက်လာသည့် ကျောင်းသား/ကျောင်းသူများက မိမိတို့သိရှိလိုသည်များအား မေးမြန်းဆွေးနွေးခဲ့ပြီး ဦးဆောင်ဆွေးနွေးသူများက ပြန်လည်ဖြေကြားဆွေးနွေးပေးခဲ့ကြောင်း သိရသည်။

လူမော် (ပြန်/ဆက်)