ကျောက်ဆည် ဇန်နဝါရီ ၁၈
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ်တွင် ကမ္ဘာလုံးဆိုင်ရာ ရည်မှန်းချက်ဖြစ်သော (၂၀၁၈-၂၀၃၀)တွင် ခွေးရူးရောဂါကင်းစင်ပပျောက်စေရေးအတွက် အိမ်မွေးတိရိစ္ဆာန်များအား ခွေးရူးပြန်ရောဂါ ကာကွယ်ဆေး အခမဲ့ထိုးနှံပေးခြင်းကို ယနေ့နံနက်(၉)နာရီက မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနရုံးတွင် ဆောင်ရွက်ခဲ့ ကြောင်း သိရှိရသည်။
မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒေါက်တာရီမွန်အေး၊ ဒေါက်တာကျော်ရဲနိုင်နှင့် ဝန်ထမ်းများက ခွေးရူး ပြန်ကာကွယ်ဆေးထိုးနှံပေးခြင်းဆောင်ရွက်ခဲ့ကြပြီး အိမ်မွေးတိရိစ္ဆာန် ခွေးများနှင့် ဘုန်တော်ကြီးကျောင်းများမှ ခွေးများကို ကာကွယ်ဆေးထိုးပေးခြင်းဖြစ်ကြောင်း သိရှိရသည်။
ကမ္ဘာပေါ်တွင် ခွေးရူးရောဂါကြောင့် (၁၅)မိနစ်တွင် တစ်ယောက်နှုန်းဖြင့် ခွေးရူးရောဂါကြောင့် သေဆုံးနေရကြောင်း ယခုကဲ့သို့ ခွေးရူးရောဂါကာကွယ်ဆေးများ ကြိုတင်ထိုးထားပေးခြင်းဖြင့် ခွေးရူးရောဂါ ရာနှုန်းပြည့်ကာကွယ်နိုင် ကြောင်း၊ လူ့အသက်ပေါင်းများစွာကို ကာကွယ်နိုင်မှာ ဖြစ်ကြောင်းနှင့် ကျောက်ဆည်မြို့နယ်တွင် ခွေးအကောင်ရေ(၁၂၀)အား ကာကွယ်ဆေးများ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနမှ ဒေါက်တာ ရည်မွန်အေးက ပြောပြသည်။
သက်မောင်(ကျောက်ဆည်)