မူဆယ် မေ ၁၄
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်မှ လူရည်ချွန်မောင်မယ် ကျောင်းသား/ကျောင်းသူများအား ဂုဏ်ပြုကြိုဆိုပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၁၁ နာရီအချိန်တွင် အ.ထ.က-၂၊ ချယ်ရီဆောင်၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
လူရည်ချွန်စခန်းအသီးသီးတွင် လေ့လာရေးခရီးသွားရောက်ခဲ့ပြီး မူဆယ်မြို့သို့ ပြန်လည်ရောက်ရှိလာသည့် လူရည်ချွန်မောင်မယ် ကျောင်းသား/ကျောင်းသူများအား ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်အဆင့်/မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ခရိုင်/မြို့နယ်ပညာရေးမှူးများ၊ ကျောင်းအုပ်များနှင့်ဆရာ/ဆရာမများ၊ ကိုယ်ပိုင်ကျောင်းများမှ ဆရာ/ဆရာမများ၊ ကျောင်းသူ/ကျောင်းသားများ၊ မိဘအုပ်ထိန်းသူများနှင့် မြို့နေပြည်သူများက မူဆယ်မြို့အဝင်မှ သောင်းသောင်းဖြဖြဂုဏ်ပြုကြိုဆိုကြကာ ဘင်ခရာအဖွဲ့များမှဦးဆောင်၍ မြို့တွင်းသို့လှည့်လည်၍ ဂုဏ်ပြုခံကြပြီး၊ အ.ထ.က-၂ သို့ ချီတက်ကာ ချယ်ရီဆောင်၌ ကြိုဆိုပွဲအခမ်းအနားကို ဆောင်ရွက်ခဲ့သည်။
အခမ်းအနားတွင် မူဆယ်ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစန်းမင်းက ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားခဲ့သည်။ ဆက်လက်၍ လူရည်ချွန်မောင်မယ်များအား ဂုဏ်ပြုငွေများကို မူဆယ်ခရိုင်အုပ်ချုပ်ရေးမှူးနှင့်တာဝန်ရှိသူများက အသီးသီးပေးအပ်ခဲ့သည်။ ယင်းနောက် Grade – 12 မှ လူရည်ချွန်ကျောင်းသား မောင်ထွန်းထက်အောင်မှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
မူဆယ်မြို့တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် Grade-12 မှ (၁) ဦး၊ Grade-11 (၂) ဦး၊ Grade-10 (၂) ဦးနှင့် Grade-9 (၂) ဦး စုစုပေါင်း (၇)ဦး လူရည်ချွန်ထွက်ရှိပြီး၊ အဆိုပါ လူရည်ချွန်မောင်မယ်များအား ပြင်ဦးလွင်၊ အင်းလေး၊ ငွေဆောင်နှင့် နေပြည်တော် လူရည်ချွန်စခန်းများသို့ လေ့လာရေးအပန်းဖြေခရီး ပို့ဆောင်ပေးခဲ့ကြောင်း သိရှိရပါသည်။
ခရိုင်ပြန်/ဆက်