ရန်ကုန် မေ ၁၃
ရန်ကုန်တိုင်းဒေသကြီးဗိုလ်တထောင်ခရိုင် သာကေတမြို့နယ်ကျက်သရေဆောင် ဇိနမာရ်အောင် စေတီတော်မြတ်ကြီးနှင့်အရံစေတီတော်(၈)ဆူတို့အား စတုတ္ထအကြိမ်မြောက် ရွှေသင်္ကန်းကပ်လှူခြင်းနှင့် ဘက်စုံပြုပြင်တည်ဆောက်ရေးအတွက် ပဉ္စမအကြိမ် အလှူငွေပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါစေတီတော်ရှိ ဝိမုတ္တိရသဓမ္မဗိမာန်တော်ကြီး၌ကျင်းပသည်။
အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးအောင်နိုင်သူနှင့် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးဌေးအောင်၊ ဒုတိယဥက္ကဋ္ဌ ဦးကျော်ကျော်စိုး၊ အဖွဲ့ဝင်ဝန်ကြီးများ၊ ဗိုလ်တထောင်ခရိုင်သာကေတမြို့နယ်အတွင်းရှိရပ်မိရပ်ဖများ၊ အလှူရှင်များနှင့် ဂေါပကအဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းဒေသကြီး လူငယ်စင်တာအထောက်အကူပြုကော်မတီဝင်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်သည်။
အခမ်းအနားတွင် ဇိနမာရ်အောင်စေတီတော်ကြီးဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးကြည်ဝင်းကစေတီတော်သမိုင်းကြောင်း၊ ရွှေသင်္ကန်းကပ်လှူရေးနှင့်ဘက်စုံတည်ဆောက်ရေးလုပ်ငန်းများအား ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ ဇိနမာရ်အောင်စေတီတော်ကြီးနာယကမြို့မိမြို့ဖဦးလှဒေါင်းက အခမ်းအနားနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီး ရွှေသင်္ကန်းအလှူရှင်များက အလှူငွေများ ပေးအပ်လှူဒါန်းရာ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဌ၊ အဖွဲ့ဝင်များက လက်ခံရယူသည်။
ဇိနမာရ်အောင်စေတီတော်မြတ်ကြီး ရွှေသင်္ကန်းကပ်လှူရေးနှင့် ဘက်စုံပြုပြင်တည်ဆောက်ရေးအတွက် အလှူခံရရှိငွေကျပ် (၁၇၁၅၄)သိန်းရရှိခဲ့ပြီး ယနေ့အထိ လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူခြင်း၊ အရံစေတီများ ပြုပြင်ရွှေသင်္ကန်းကပ်လှူခြင်း၊ အာရုံခံတန်ဆောင်း(၄)ခုပြုပြင်ခြင်း၊ဂြိုလ်တိုင်များနှင့်မုခ်(၄)မုခ်ပြုပြင်ခြင်းစသည်ဖြင့် မွမ်းမံတည်ဆောက်လျက်ရှိပြီးစေတီတော်မြတ်ကြီးနှင့် သာသနိကအဆောက်အဦးများ သစ်လွင်တောက်ပတင့်တယ်သပ္ပါယ်အောင် ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
အောင်မြင့်(ပြန်/ဆက်)