မိုင်းယုမြို့တွင် ဒေသခံဘိုးဘွားများ ရှမ်းရိုးရာလက်လုပ်ဖယောင်းတိုင်များ ပြုလုပ်ရောင်းချမှု အဆင်ပြေ

မိုင်းယု ဇန်နဝါရီ ၁၈

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ နယ်စပ်ဒေသ မိုင်းယုမြို့တွင် ဒေသခံတိုင်းရင်းသားများ ရှမ်းရိုးရာလက်လုပ်ဖယောင်းတိုင်များ တစ်ပိုင်တစ်နိုင် ပြုလုပ်ရောင်းချရာတွင် မိသားစုအပိုဝင်ငွေရရှိ၍ အဆင်ပြေလျက်ရှိကြသည်။

အဆိုပါ ရိုးရာဖယောင်းတိုင်များကို မိုင်းယုဒေသတွင်းရှိ ဒေသခံတိုင်းရင်းသား သက်ကြီးဘိုးဘွားများက အသက်ရလာသည်နှင့်အမျှ အခြားလုပ်ငန်းများ သွားရောက်လုပ်ကိုင်နိုင်ခြင်းမရှိသည့်အတွက် မိမိတို့အိမ်တွင် သက်တောင့်သက်သာနေ၍ မိသားစုအပိုဝင်ငွေရရှိစေရန် ရှမ်းရိုးရာ လက်လုပ် ဖယောင်းတိုင်များကို ပြုလုပ် ရောင်းချကြရခြင်းဖြစ်သည်။

ယင်းဖယောင်းတိုင်များ ပြုလုပ်ရာတွင် အသုံးပြုကြသည့် ဖယောင်းခဲနှင့် ပိုးကြိုးအခွေများကို ကျိုင်းတုံမြို့နယ်မှတစ်ဆင့် မှာယူကြပြီး  ရရှိလာသည့် ဖယောင်းခဲကို ဒယ်အိုးကြီးထဲထည့်ကာ မီးအပူပေးကာ အရည်ပျော်လာသည့် ဖယောင်းရည်ပူအတွင်း ပိုးကြိုးအခွေအား တစ်ကြိုးဆီ တစ်ပေခွဲခန့် ဖြတ်တောက်ကာ ယင်းဖြတ်ပြီးထားသည့် ကြိုးတစ်ချောင်းချင်းဆီကိုယူ၍ အစွန်းဖက်မှကိုင်ကာ ဖယောင်းရည်ပူအတွင်း မီးထွန်းဆာချန်၍ အတင့်သင့် နှစ်ကာ ဘယ်ညာဆွဲပြီး ညီညာသည့် ကြွေပြား/မှန်ပြားပေါ်တွင် တစ်ချောင်းဆီ အအေးခံခြင်းဖြစ် သေသပ်လှသည့် ရှမ်းရိုးရာလက်လုပ်ဖယောင်းတိုင်ကို ရရှိလာရခြင်းဖြစ်သည်။

၎င်းရရှိလာသည့် ရှမ်းရိုးရာလက်လုပ်ဖယောင်းတိုင်များကို အလယ်မှ ထက်ဝက်ခန့်ပြန်ဖျက်တောက်၍ အစည်းအရွယ်အစား အမျိုးမျိုးစည်းကာ တစ်စည်းလျင် ကျပ်ငွေ ၂၀၀ မှ ၂၀၀၀ကြား ရောင်းချလျက်ရှိကြောင်း ရှမ်းရိုးရာလက်လုပ်ဖယောင်းတိုင်များ ပြုလုပ်ရောင်းချသည့် ဒေသခံဘိုးဘွား တစ်ဦးက ပြောကြားခဲ့သည်။

အဆိုပါ ရှမ်းရိုးရာလက်လုပ်ဖယောင်းတိုင်များကို ရှမ်းတိုင်းရင်းသားများ ရိုးရာအလှူပြုရာတွင် ထွန်းညှိပူဇော်ရာ၌ လည်းကောင်း၊ ယတြာချေရာတွင် လည်းကောင်း အများဆုံးအသုံးပြုကြလျက်ရှိကြောင်း သိရသည်။

ကိုကိုနိုင်(ပြန်/ဆက်)