အင်တော ဇန်နဝါရီ ၁၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်၊ အင်တောမြို့၊ နောင်လုံကျေးရွာအုပ်စု၊ ပင်ပိန်းကျေးရွာတွင် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရွေးချယ်ခြင်းဆိုင်ရာ ဥပဒေနည်းဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေ၊ နည်းဥပဒေများ အား ရှင်းလင်းခြင်းကို ယမန့်နေ့ နေ့လယ်ပိုင်းက အဆိုပါကျေးရွာ မင်္ဂလာရာမကျောင်းတိုက်၌ ပြုလုပ်ခဲ့သည်။
ဆွေးနွေးပွဲတွင် ရပ်စောက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ဝင်းက ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရွေးချယ်ခြင်းဆိုင်ရာဥပဒေ၊ နည်းဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်း စည်းကမ်းများကို နောင်လုံကျေးရွာ အုပ်စုအတွင်းရှိ ကျေးရွာများမှ ကျေးရွာတာဝန်ခံ၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူး ကျေးရွာနေပြည်သူတို့ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် အတွက် ရပ်ကွက်(သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ရွေးချယ်ခြင်းနှင့် ပတ်သက်သည့် အဆင့်ဆင့်လုပ်ငန်းဆောင်ရွက်မှုများ၊ အုပ်ချုပ်ရေးမှူးများ ရွေးချယ်ခြင်းဆိုင်ရာဥပဒေ၊ နည်းဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်းများကို အကျယ်တဝင့် ဆွေးနွေးရှင်းလင်း ပြောကြားခဲ့သည်။
ထို့နောက် ကျေးရွာများမှ တက်ရောက်လာသူများက ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရွေးချယ်ခြင်း ဆိုင်ရာများကို မေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြား ပေးခဲ့ကြောင်း သိရသည်။
အောင်ခိုင် (အင်တော)