ရွှေကူမြို့နယ်၌ ကုန်တင်ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက်များအား Test Kit ဖြင့် စစ်ဆေးရာ ယာဉ်နောက်လိုက်အမျိုးသား(၁)ဦးထံတွင် ကိုဗစ်−၁၉ရောဂါပိုးထပ်မံတွေ့ရှိ

                   ရွှေကူ     ဇန်နဝါရီ           ၁၈                                                                                                               

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် ရွှေကူမြို့ အောက်လေးလမ်းဆုံ စုပေါင်းစစ်ဆေးရေးဂိတ်၌ ရောက်ရှိလာသည့် ကုန်တင်ယာဉ်(၆၆)စီးမှ ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက် (၁၂၀)ဦးအား မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကျန်းမာရေးဝန်ထမ်းများက ယမန်နေ့ နံနက် ၉ နာရီခွဲခန့်တွင် RDT(Rapid Antigen Diagnostic Test Kit)ဖြင့် ကိုဗစ်−၁၉ရောဂါပိုး ရှိ/မရှိ စစ်ဆေးခဲ့ရာ    ၆ ဘီး မော်တော်ယာဉ်မှ ပြည်ကြီးတံခွန်မြို့နယ် နေထိုင်သူ ယာဉ်နောက်လိုက် အမျိုးသား(၁)ဦးထံတွင် ကိုဗစ်−၁၉ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့သည်။

အဆိုပါ ကိုဗစ်−၁၉ရောဂါ ပိုးတွေ့အတည်ပြုလူနာသစ်(၁)ဦးအား ရွှေကူမြို့ လယ်ပြင်ကြီးရပ်ရှိ အိုးအိမ်ဦးစီးဌာနပိုင် ဝန်ထမ်းအိမ်ရာတိုက်ခန်း(ယာယီဆေးကုသဆောင်)သို့  ပို့ဆောင်ထားရှိကာ ဆေးကုသမှုခံယူလျှက်ရှိကြောင်း၊ ၎င်းနှင့်အတူလိုက်ပါလာသော  ယာဉ်မောင်းအမျိုးသား(၁)ဦးအား ရွှေကူမြို့ အခြေခံပညာအထက်တန်းကျောင်းရှိ Facility Quarantine Centre တွင် အသွားအလာ ကန့်သတ်ထားရှိကြောင်း သိရသည်။

ရွှေကူမြို့နယ်၌ ဇန်နဝါရီလ(၁၇)ရက်နေ့အထိ ကိုဗစ်−၁၉ရောဂါ ပိုးတွေ့အတည်ပြုလူနာ စုစုပေါင်း(၈၇)ဦးတွေ့ရှိခဲ့ပြီး (၇၅)ဦးမှာ ကျန်းမာရေးပုံမှန်အတိုင်းကောင်းမွန်ခဲ့သဖြင့် ဆေးရုံမှ ဆင်းခွင့်ပြုပြီးဖြစ်ကြောင်း မြို့နယ်ကိုဗစ်−၁၉ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီထံမှ သိရှိရသည်။

ကျော်မျိုးအောင်(ပြန်/ဆက်)