ဖယ်ခုံမြို့နယ်၌ အင်းရေပြင်အတွင်းပြေးဆွဲလျက်ရှိသော စက်တပ်ရေယာဉ်ငယ်များ ၀န်ပိုတင်ဆောင်ခြင်းမရှိစေရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းရေး ကွင်းဆင်းစစ်ဆေး

ဖယ်ခုံ  ဇန်နဝါရီ  ၁၈

ရှမ်းပြည်နယ်(တောင်ပိုင်း) ဖယ်ခုံမြို့နယ်၌ ဖယ်ခုံအင်း(မိုးဗြဲဆည်)အတွင်း ပြေးဆွဲလျက်ရှိသော စက်တပ်ရေယာဉ်များ ၀န်ပိုတင် ဆောင်ခြင်း မရှိစေရေးနှင့် ယာဉ်နှင့်ခရီးသည်များ ဘေးအန္တရာယ် ကင်းရှင်းရေးအတွက် ယမန်နေ့မွန်းလွဲပိုင်း က ဖယ်ခုံမြို့ဇင်ယော်ငှက်ရေယာဉ်ဂိတ်သို့ တာ၀န်ရှိသူများမှ ကွင်းဆင်းစစ်ဆေးခဲ့သည်။

စက်တပ်ရေယာဉ်ငယ်များအား ကွင်းဆင်းစစ်ဆေးခြင်းနှင့် ပတ်သက်၍ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသီဟနေသွေး က  ပြောကြားရာတွင် “ဒီအင်းရေပြင်မှာ ပြေးဆွဲနေတဲ့ စက်တပ်ရေယာဉ်ငယ်တွေ အနေနဲ့ လိုင်စင်ပါစည်းကမ်းချက်တွေကို တချို့က လိုက်နာမှုအားနည်းတယ်။ အဓိကကတော့ ၀န်ပိုတွေတင်တယ်ဆိုပြီး စက်တပ်ရေယာဉ်အသင်း ဥက္ကဋ္ဌ က စာတင်လာလို့ သတ်မှတ်ချက်နဲ့ ကိုက်ညီမှု ရှိ/မရှိ ကွင်းဆင်းကြည့်တာပါ ဟု ပြောကြားသည်။ ဖယ်ခုံမြို့နယ် အင်းရေပြင်အတွင်း ပြေးဆွဲလျှက်ရှိသော ဇင်ယော်ငှက်စက်တပ်ရေယာဉ်အသင်းတွင် မြင်းကောင်ရေ ၂၀ အောက် စက်တပ်ရေယာဉ် ၁၁၇ စီးရှိပြီး ဖယ်ခုံ-ညောင်ရွှေလိုင်းနှင့် အင်းပတ်၀န်းကျင် ကျေးရွာများသို့ ခေါက်တိုဆွဲခြင်း၊ ဈေးပတ်ဆွဲခြင်းများ ဆောင်ရွက်လျှက် ရှိကြောင်း သိရသည်။

“အဓိကတော့ ဈေးပတ်ဆွဲတဲ့ရေယာဉ်တွေက လူပိုတွေတင်တယ်။ ကုန်နဲ့ခရီးသည်ရောပြီးတော့ တင်တယ်။ စက်လှေ (စက်တပ်ရေယာဉ်)က သတ်မှတ်ချက်ပြည့်လို့ တစ်စီးထွက်သွားပြီးလဲ လူကျန်ရင် နောက်တစ်စီး ထွက်ရမှာဘဲ။ ညီတူညီမျှ အကုန်လုံးပေါ့။ တစ်ယောက်ထဲ အပြည့်တင်သွားလို့ တစ်စုံတစ်ခုဖြစ်ရင် အကုန်ဒုက္ခရောက်မှာ အဲဒါကြောင့် ၀န်ပိုမတင်ဖို့ ပြောတာ။ တစ်ကယ်တမ်းဖြစ်လာရင် လှိုင်းက သုံးပေ အထက်မကဘူး၊ ရေကလဲအနက် အတောင် ၂၀ ကျော်တယ်။ ကယ်ဆယ်ရေးလဲမမီနိုင်ဘူး ဟု ဇင်ယော်ငှက် စက်တပ်ရေယာဉ်ငယ်အသင်း ဥက္ကဋ္ဌ ဦးစိုးလွင် က ပြောသည်။

စက်တပ်ရေယာဉ်ငယ်များ၏ စည်းကမ်းချက်များတွင် စက်မြင်းကောင်ရေ ၂၀ ထက်မပိုရန်၊ ခရီးသည် ၁၂ ဦး၊ ကုန်ဖြစ်ပါက ပိဿာချိန် ၅၀၀ အောက်သာတင်ဆောင်ရန်၊ စက်၏ ကိုယ်ထည်တောင့်တင်းခိုင်မာမှုရှိရန်၊ လိုအပ်သောလုံခြုံရေးပစ္စည်းများ စုစည်းတင်ဆောင် ထားရန်နှင့် အသက်ကယ်အင်္ကျီများ တင်ဆောင်ထားရန် စသည်ဖြင့် သတ်မှတ်ထားကြောင်း သိရသည်။ အဆိုပါ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဦးစီးဌာန ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးသီဟနေသွေး၊  မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေး ဦးစီးဌာနမှူး ဒေါက်တာ ကျော်ကျော်ဦးနှင့် ဌာနဆိုင်ရာ တာ၀န်ရှိသူများမှ ကွင်းဆင်းကြည့်ရှု့ စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း  သိရသည်။

မောင်မောင်ထွေး(ပြန်/ဆက်)