နမ့်ဆန် ဇန်နဝါရီ ၁၈
ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်၌ ရန်ကုန်တိုင်းဒေသကြီးသို့ ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းတွင် သွားရောက်တာဝန်ထမ်းဆောင်ခဲ့ကြသည့် ကြက်ခြေနီတပ်ဖွဲ့ဝင် (၄)ဦးအား မြို့နယ် ပြည်သူ့ဆေးရုံ ရှေ့တွင် ယမန်နေ့မွန်းလွဲ (၃)နာရီ က ဂုဏ်ပြုကြိုဆိုခဲ့ကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှုနှုန်းမြင့်မားနေသည့် ရန်ကုန်တိုင်းဒေသကြီးသို့ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်း တွင် ပူးပေါင်းပါဝင်တိုက်ဖျက်နိုင်ရန်အတွက် ရှမ်းပြည်နယ် မြောက်ပိုင်း ကိုယ်စားပြု သွားရောက်ခဲ့ကြသည့် ကြက်ခြေနီ တပ်ဖွဲ့ဝင် (၃၁)ဦးရှိပြီး နမ့်ဆန်မြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင် (၄)ဦးလည်း သွားရောက်တာဝန် ထမ်းဆောင်ခဲ့ကြသည်။ အဆိုပါ ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များတို့က ရန်ကုန်တိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး Quarantine Centre များတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး စေတနာ့ လုပ်ငန်းများကို (၁)လတိတိ စွမ်းစွမ်းတမံဆောင်ရွက်ပြီး လားရှိုးမြို့နယ်တွင် (၁၄)ရက် ကျန်းမာရေးစောင့်ကြပ်ကြည့်ရှုခြင်းကိုခံယူကာ ယမန်နေ့က နမ့်ဆန်မြို့နယ်ကြက်ခြေနီ သူနာပြုတပ်ဖွဲ့၏ကားဖြင့် နမ့်ဆန်မြို့နယ် ကြက်ခြေနီတပ်ဖွဲ့ဝင် (၄)ဦးတို့က နမ့်ဆန်မြို့နယ်သို့ ပြန်လည်ရောက်ရှိလာခဲ့ကြောင်း သိရသည်။
အဆိုပါရောက်ရှိလာသည့် ကြက်ခြေနီတပ်ဖွဲ့ဝင် (၄)ဦးအား ဂုဏ်ပြုကြိုဆိုအားပေးသည့်အနေဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာန မြို့နယ်ဆရာဝန်ကြီး ဒေါက်တာထက်ဖြိုးဝေနှင့် ကျန်းမာရေး ဝန်ထမ်းများ၊ မြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ် ကုသရေးနှင့် အရေးပေါ်တုံ့ပြန်မှုကော်မတီ အဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအသင်းများတို့က မြို့နယ် ပြည်သူ့ဆေးရုံ ရှေ့တွင် စောင့်ကြို၍ အားပေးဂုဏ်ပြုကြိုဆိုခဲ့ကြကြောင်း သိရသည်။
အောင်မိုး (ရွှေဖီမြေ)