ကချင်ပြည်နယ် လူမှုရေးရာဝန်ကြီး ဦးကျော်မင်းခိုင်နှင့်အဖွဲ့ မန္တလေးမြို့ရှိ ဗန်းမော်ခရိုင်မှ ယာယီနေရပ်စွန့်ခွာပြည်သူများအား စားသောက်ဖွယ်ရာများလှူဒါန်း

မန္တလေး မေ ၁၂

မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံခရိုင်အတွင်းရှိ ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ယာယီနေရပ်စွန့်ခွာပြည်သူများအား ကချင်ပြည်နယ်အစိုးရအဖွဲ့က ဆန်၊ ဆီနှင့်ငါးသေတ္တာများလှူဒါန်းပွဲ အခမ်းအနားကို မေ ၁၂ရက် နံနက် ၁၀နာရီက အောင်မြေသာစံမြို့နယ် မန္တလေးတောင်ခြေရှိ စိတ္တသုခ‌ကျောင်းတိုက်တွင် ကျင်းပသည်။

အခမ်းအနားသို့ ပြည်နယ်လူမှုရေးရာဝန်ကြီး၊ ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်လင်း၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦး အောင်ဆန်းထူး၊  အောင်မြေသာစံခရိုင်အုပ်ချုပ်ရေးမှူး ဒေါက်တာအောင်ဆွေနှင့်တာဝန်ရှိသူများ၊ ကချင်ပြည်နယ် ဗန်းမော်ခရိုင်မှ ယာယီနေရပ်စွန့်ခွာပြည်သူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးက အမှာစကားပြောကြားပြီး လွှတ်တော်ကိုယ်စားလှယ်များက မိတ်ဆက်စကားပြောကြားကြသည်။ ထို့‌နောက် တက်ရောက်လာကြသော ယာယီနေရပ်စွန့်ခွာပြည်သူများက ၎င်းတို့၏ အခက်အခဲများကိုတင်ပြကြရာ ပြည်နယ်လူမှုရေးဝန်ကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်များက ကူညီဖြည့်ဆည်းဆောင်ရွက်ပေးကြသည်။

၎င်း‌နောက် အောင်မြေသာစံခရိုင်အတွင်းရှိ ယာယီနေရပ်စွန့်ခွာပြည်သူ အိမ်ထောင်စု ၆၀၀ အတွက် တစ်အိမ်ထောင်လျှင် ဆန်ခြောက်ပြည်၊ ဆီတစ်လီတာ၊ ငါးသေတ္တာတို့ကို ထောက်ပံ့ပေးအပ်ကာ ပြည်နယ်လူမှုရေးရာဝန်ကြီးနှင့်အဖွဲ့သည် တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်အားပေးစကားပြောကြားခဲ့ကြောင်း သိရသည်။

(မြို့နယ်၊ ပြန်/ဆက်)