မန္တလေးဈေးချိုတော်တွင် FDA မှ ရွေ့လျားဓါတ်ခွဲယာဉ်ဖြင့် အစားအသောက်များအား ရှောင်တခင်စစ်ဆေး

မန္တလေး မေ ၁၂

အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနခွဲ(မန္တလေး)မှ တာဝန်ရှိသူများသည် ချမ်းအေးသာစံမြို့နယ် အစားအသောက်နှင့်ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီဝင်များဖြစ်ကြသည့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့်မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၊ ဈေးဌာနတို့မှ တာဝန်ရှိသူများနှင့်ပူးပေါင်း၍ မေ ၁၂ ရက် နံနက်ပိုင်းက ဈေးချိုတော်ဈေးအတွင်း ကွင်းဆင်းစစ်ဆေးသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် အစားအသောက်နမူနာ (၂၇)မျိုးအား နမူနာကောက်ယူ၍ ခွင့်မပြုဆိုးဆေးနှင့် ခွင့်မပြုတာရှည်ခံဓါတုပစ္စည်းများ အသုံးပြုထားခြင်း ရှိ/မရှိ ရွေ့လျားဓါတ်ခွဲယာဉ်(Mobile Lab Van)ဖြင့် စစ်ဆေးကြသည်။

ဆက်လက်၍ ဈေးအတွင်းရောင်းချသည့် အလှကုန်ဆိုင်များတွင် ကြေညာချက်ထုတ်ပြန်ထားသည့် သုံးစွဲရန် မသင့်သော အလှကုန်ပစ္စည်းများ ရောင်းချခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပြီး FDA မှတ်တမ်းတင်ရရှိသော အလှကုန်များအားရောင်းချရန်နှင့် ကြေညာချက်ထုတ်ပြန်ထားသည့် သုံးစွဲရန်မသင့်အလှကုန်များအား ရောင်းချခြင်းမပြုရန် လက်ကမ်းစာစောင်များဖြန့်ဝေ၍ အသိပညာပေး ဟောပြောကြသည်။

ထို့နောက် ဈေးသူဈေးသားများအား ဈေးချိုတော်ဈေးရုံးတွင် အစားအသောက်၊ ဆေးဝါးနှင့် အလှကုန်ဘေးအန္တရာယ်ကင်းရှင်းရေး အသိပညာပေးပြောကြားခဲ့ကြောင်းသိရသည်။

မြင့်မော်ထွန်း(ပြန်/ဆက်)