တောင်သာမြို့၌ ရက်(၁၀၀)စီမံချက်ဖြင့် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ကျွဲ၊ နွားရောဂါကာကွယ်ဆေးထိုးနှံခြင်းနှင့် အခြေခံမွေးမြူရေးသင်တန်းဖွင့်လှစ်

တောင်သာ  မေ   ၁၂

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်၌ သာစည်ကျေးရွာ၊ ဆီမီးကန်ကျေးရွာ၊ ကျွဲတလင်းကျေးရွာများတွင် ရက်(၁၀၀)စီမံချက်ဖြင့် ကျွဲ၊ နွားများတွင် အဖြစ်များတတ်သော ပေါင်ပုပ် လက်ပုပ်ရောဂါကာကွယ်ဆေးထိုးနှံခြင်းနှင့် အခြေခံမွေးမြူရေးသင်တန်းကို ယမန်နေ့ နံနက်ပိုင်က မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှဝန်ထမ်းများ ကွင်းဆင်းဆောင်ရွက်ကြောင်း သိရသည်။

ထို့သို့ကွင်းဆင်းဆောင်ရွက်ခြင်းကို မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါက်တာသန်းဝင်းနှင့်ဝန်ထမ်းများက နိုင်ငံတော်အစိုးသစ်လက်ထက် ရက်(၁၀၀)စီမံချက်ဖြင့် သာစည်ကျေးရွာ၊ ဆီမီးကန်ကျေးရွာ၊ ကျွဲတလင်းကျေးရွာများတွင် မွေးမြူထားရှိသည့် ကျွဲ၊ နွားကောင်ရေ (၅၆၅)ကောင်အား ပေါင်ပုပ်လက်ပုပ်ရောဂါ ကာကွယ်ဆေးထိုးနှံခြင်း၊ နွား၊ ကြက်၊ ဝက်၊ ဆိတ်တိရစ္ဆာန်များမွေးမြူခြင်းဆိုင်ရာနည်းလမ်းနှင့် ရောဂါကြိုတင်ကာကွယ်ရေး နည်းလမ်းအကြောင်းကို မွေးမြူရေးတောင်သူ (၂၀)အား အခြေခံမွေးမြူရေးသင်တန်း ပို့ချပေးခဲ့ပြီး မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက ထုတ်ဝေသည့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေ ခဲ့ကြောင်းနှင့် ကျန်ရှိသည့်ကျေးရွာအုပ်စုများတွင်လည်း ရက်(၁၀၀)စီမံချက်အနေဖြင့် ကျွဲ၊ နွားရောဂါကာကွယ်ဆေးများထိုးနှံခြင်း၊ မေထုန်မဲ့သားစပ်ခြင်းနှင့်မွေးမြူရေး အသိပညာပေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကျော်မျိုးနိုင်(တောင်သာ)