ကိုဗစ်-၁၉ ကာကွယ်ရေးလုပ်ငန်းများ ပူးပေါင်းအကူအညီပေးရန် တနင်္သာရီမြို့နယ် ကြက်ခြေနီတပ်ဖွဲ့ဝင်(၄)ဦး စတင်ထွက်ခွာ

တနင်္သာရီ  ဇန်နဝါရီ ၁၈

ရန်ကုန်တိုင်းဒေသကြီးဆေးရုံကြီးရှိ ကိုဗစ်-၁၉ ရောဂါ စောင့်ကြပ်ကြည့်ရှုကုသမှု  COVID  Center တွင် ကျန်းမာရေး ဝန်ထမ်းများ နှင့်အတူ တိုင်းဒေသကြီးကိုယ်စားပြု (၁) လ အကြာ အကူအညီပေးရေး တာဝန်ထမ်းဆောင်ပေးမည့် တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှ ဒုတပ်ခွဲမှူး အောင်ကျော်ကျော်(ပါ) စေတနာလုပ်အားရှင် ကြက်ခြေနီတပ်ဖွဲ့ဝင် (၄)ဦး တို့သည် ဇန်နဝါရီလ ၁၆ ရက်နေ့ နံနက်ပိုင်းက ထားဝယ်မြို့ တနင်္သာရီတိုင်းဒေသကြီး ကြက်ခြေနီတပ်ဖွဲ့ရုံးသို့ သတင်းပို့နိုင်ရန် စတင်ထွက်ခွါကြကြောင်း သိရှိရသည်။        

အဆိုပါ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှ စေတနာလုပ်အားရှင် ကြက်ခြေနီတပ်ဖွဲ့ဝင်(၄)ဦးသည် တနင်္သာရီတိုင်း ဒေသကြီး အတွင်း ခရိုင်(၃)ခရိုင်ရှိ မြို့နယ်(၁၀)မြို့နယ်မှ စေတနာလုပ်အားရှင် ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့်အတူ ရန်ကုန်တိုင်း ဒေသကြီး ဆေးရုံကြီးရှိ ကိုဗစ်-၁၉ ရောဂါ စောင့်ကြပ်ကြည့်ရှုကုသမှု COVID Center တွင် (၁)လ အကြာ တာဝန်ထမ်း ဆောင်ကြမည်ဖြစ်ပြီး၊ ခရီးမ ထွက်ခွါမှီ နံနက် ၇ နာရီခန့်က မြို့နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဦးဇော်ဇော်အောင်နှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးရွှေဝင်းတို့က ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ကိုဗစ်-၁၉ လမ်းညွှန်ချက်များကို တိကျစွာလိုက်နာပူးပေါင်းဆောင်ရွက်ကြရန်၊ မိမိကိုယ်ကို ဂရုစိုက်ကာကွယ်ရင်း အများပြည်သူ အကျိုးအတွက် စောင့်ရှောက်ပေးကြရန် နှုတ်ဆက်အားပေးစကား ပြောကြားကြောင်း မြို့နယ်ကြက်ခြေနီကြီး ကြပ်မှုကော်မတီထံမှ သိရှိရသည်။

နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)