သံဖြူဇရပ် မေ ၁၂
အစိုးရအဖွဲ့၏ ရက်ပေါင်း ၁၀၀ စီမံချက်အပေါ် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ် မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ်ခွဲမှ ၂၀၂၆ ခုနှစ်အတွင်း ဆောင်ရွက်လျက်ရှိသည့် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေတိုးမြှင့်ထုတ်ချေးရေးနှင့် ချေးငွေပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (ဘုရင့်နောင်) ခန်းမတွင် ကျင်းပရာ ၎င်းအခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ မြို့နယ်ချေးငွေအကြံပေးအဖွဲ့ဝင်များ ဌာနဆိုင်ရာအရာရှိများ ကျေးရွာအုပ်စု (၅) အုပ်စုမှ ချေးငွေစိစစ်ရေးအဖွဲ့ဝင်များ တောင်သူ (၃၅) ဦး စုစုပေါင်း (၈၅) တက်ရောက်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်မိုးလွင်က ၂၀၂၆ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေတိုးမြှင့်ထုတ်ချေးပေးခြင်းအပေါ် အဖွင့်အမှာစကားပြောကြားပြီး၊ မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ်ခွဲမှ မြို့နယ်မန်နေဂျာ ဒေါ်နန္ဒာအောင်က ၂၀၂၆ ခုနှစ် စိုက်ပျိုးစရိတ်ချေးငွေထုတ်ချေးပေးရေးနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် ၂၀၂၆ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို ထုတ်ချေးပေးလျက်ရှိရာ မွန်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးရွှေလူး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူတို့ကပေးအပ်ရာ သက်ဆိုင်ရာကျေးရွာအုပ်စု ၅ အုပ်စုမှ တာဝန်ခံများက လက်ခံရယူသည်။
အဆိုပါချေးငွေကို သံဖြူဇရပ်မြို့နယ် မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ်ခွဲမှ မေ ၁၂ ရက်နေ့မှစတင်၍ ကျေးရွာအုပ်စု (၅) အုပ်စု၊ တောင်သူ (၃၅) ဦးအား၊ တစ်ဧကလျှင် ကျပ် (၃၀၀၀၀၀) နှုန်းဖြင့် ဧက (၁၈၀) ကို ထုတ်ချေးငွေစုစုပေါင်း ကျပ်သိန်း (၅၄၀) ကို ထုတ်ချေးပေးမည်ဖြစ်ကြောင်းနှင့် စိုက်ပျိုးစရိတ်ချေးငွေအပြင် လယ်ယာသုံးစက်ကရိယာချေးငွေများကိုလည်း ပြည်ထောင်စုအစိုးရအဖွဲ့၏ ရက်ပေါင်း ၁၀၀ စီမံချက်ကာလအတွင်း ထုတ်ချေးပေးရန် စီစဥ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)