မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင် မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် မဟာမုနိဘုရားကြီး ပြန်လည်ပြုပြင်မွမ်းမံတည်ဆောက်ခြင်း လုပ်ငန်းများပြီးစီးမှု အခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေး

ချမ်းအေးသာစံ  မေ ၁၂

မန္တလေးငလျင်ကြီးလှုပ်ခတ်မှုကြောင့် ထိခိုက်ပြိုကျပျက်စီးခဲ့မှုများ ဖြစ်ပေါ်ခဲ့သည့် မဟာမုနိဘုရားကြီးနှင့် ဘုရားကြီးပရဝုဏ်အတွင်းရှိ သာသနိကအဆောက်အအုံများ ပြန်လည်ပြုပြင်မွမ်းမံတည်ဆောက်ခြင်း လုပ်ငန်းများကို အစီအမံများ ချမှတ်၍ ဆောင်ရွက်လျက်ရှိရာ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများလိုက်ပါပြီး မေလ ၁၁ ရက်နေ့ မွန်းလွဲပိုင်းက လုပ်ငန်းပြီးစီးမှုအခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။

ထိုသို့လိုက်လံကြည့်ရှုစစ်ဆေးစဉ် တိုင်းဒေသကြီးဝန်ကြီးချုပ်က မဟာမုနိဘုရားကြီးဂေါပကအဖွဲ့မှ တာဝန်ရှိသူများအား ပြန်လည်ပြုပြင်မွမ်းမံတည်ဆောက်ခြင်းလုပ်ငန်းများကို မူဝါဒများ၊ လမ်းညွှန်ချက်များအတိုင်း စနစ်တကျစီမံကာ ပညာရှင်များဖြင့်  ရှေးမူမပျက်အကောင်းဆုံး ဆောင်ရွက်ခဲ့ကြသည့်အတွက် လုပ်ငန်းပြီးစီးခြင်း တိုးတက်မှုများရှိခဲ့ပါကြောင်း၊ မိုးရာသီရောက်ရှိလာပြီဖြစ်၍ ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းများကို အရည်အသွေးစံချိန်စံညွန်းနှင့်အညီ အမြန်ဆုံးပြီးစီးအောင် ဆောင်ရွက်သွားရေး၊  ဘုရားဖူးလာပြည်သူများ စိတ်ချမ်းမြေ့စွာဖြင့် ဖူးမြော်ကြည်ညိုနိုင်ရေးနှင့် ဘုရားကြီးပရဝုဏ် အတွင်းအပြင် သန့်ရှင်းသာယာလှပရေးတို့ကို အလေးထားကာ ဆောင်ရွက်သွားရေး၊ ယာယီဖွင့်လှစ်ရောင်းချနေသည့် ဆိုင်ခန်းများ စည်းကမ်းချက်များနှင့်အညီ စနစ်တကျဖြစ်စေရေး တို့ကို ကြပ်မတ်ဆောင်ရွက်သွားရေး၊ လိုအပ်သည်များကို အချိန်နှင့်တပြေးညီ ပွင့်လင်းမြင်သာစွာဖြင့် တင်ပြသွားရေးတို့ကို မှာကြားခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများက မဟာမုနိဘုရားကြီးဂေါကပအဖွဲ့ တာဝန်ရှိသူများမှ ရှင်းလင်းတင်ပြမှုများအပေါ် ဖြည့်စွက်ဆွေးနွေးပြောကြား၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးပြီးနောက် မဟာမုနိရုပ်ရှင်တော်မြတ် ဂန္ဓကုဋိကျောင်းတော်ကြီးနှင့် သာသနိကအဆောက် အဦများ ပြန်လည်ပြုပြင်မွမ်းမံတည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ချမ်းမြေ့မောင်(ချမ်း/စံ)