မန္တလေးခရိုင် လူထုအခြေပြုဗဟိုဌာန၌ အလုပ်သမားရေးရာ လုပ်ငန်းညှိနှိုင်းရေးကော်မတီ (WCC) အဖွဲ့ဝင်များအား စွမ်းရည်မြှင့်တင်သည့် သင်တန်းအမှတ်စဉ် (၂/၂၀၂၆) ဖွင့်လှစ်

မန္တလေး  မေ ၁၂

အလုပ်သမားရေးရာဆက်ဆံရေးဦးစီးဌာန(တိုင်းဒေသကြီးရုံး)၊ မန္တလေးတိုင်းဒေသကြီးတွင် ကျင်းပပြုလုပ်မည့် ပြည်ကြီးတံခွန်မြို့နယ်၊ အမရပူရမြို့နယ်နှင့် ကျောက်ဆည်မြို့နယ်ရှိ စက်ရုံ၊ အလုပ်ရုံများမှ အလုပ်သမားရေးရာ လုပ်ငန်းညှိနှိုင်းရေးကော်မတီ (WCC) အဖွဲ့ဝင်များအား စွမ်းရည်မြှင့်တင်သည့် သင်တန်းအမှတ်စဉ် (၂/၂၀၂၆) ကို ယနေ့ နံနက် ၁၀ နာရီက မန္တလေးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ ဖွင့်လှစ်ခဲ့သည်။

ရှေးဦးစွာ သင်တန်းတွင် ရက် (၁၀၀) စီမံချက်အနေဖြင့် မန္တလေးတိုင်းဒေသကြီး၊ အလုပ်သမား ရေးရာဆက်ဆံရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်သန်းသန်းထွန်းက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်ပြီး မန္တလေးတိုင်းဒေသကြီး၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးဟန်စောလင်း၊ လူမှုဖူလုံ‌ရေးအဖွဲ့ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ကေသီခိုင်နှင့် အလုပ်ရုံနှင့် အလုပ်သမား ဥပဒေစိစစ်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဝေဝေအောင်တို့က သက်ဆိုင်ရာဥပဒေများအား အသေးစိတ် ရှင်းလင်းပြောကြားခဲ့ပြီး စာတွေ့၊ လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါသင်တန်းတွင် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ‌ကျောက်ဆည်မြို့နယ်၊ တံတားဦးမြို့နယ်၊ စဉ့်ကိုင်မြို့နယ်၊ အောင်မြေသာစံမြို့နယ်၊ ချမ်းအေးသာစံမြို့နယ်၊ မဟာအောင် မြေမြို့နယ်၊ ချမ်းမြသာစည်မြို့နယ်၊ ပြည်ကြီးတံခွန်မြို့နယ်၊ အမရပူရမြို့နယ်နှင့် ပုသိမ်ကြီးမြို့နယ်တို့မှ အလုပ်ရှင်ကိုယ်စားလှယ်များ၊ အလုပ်သမားကိုယ်စားလှယ်များ သင်တန်း သား/သူ စုစုပေါင်း ၄၀ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

ဇင်မင်းမောင် (ပြန်/ဆက်)