တံတားမြို့ လူထုအခြေပြုဗဟိုဌာန၌ လူမှုကွန်ရက်အသုံးပြုခြင်းဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ

တံတား မေ ၁၂

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင် တံတားမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ လူမှုကွန်ရက်အသုံးပြုခြင်းဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် (၉) နာရီက ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တံတားမြို့ရုံးမှ ဓာတ်ပုံကျွမ်းကျင် (၂) ဒေါ်လှိုင်သူဇာက နေ့စဉ်ဘဝရဲ့ အစိတ်အပိုင်းတစ်ခုလိုဖြစ်နေသည့် လူမှုကွန်ရက်များအကြောင်း၊ လူမှုကွန်ရက်ဆိုသည်မှာ အဆက်အသွယ်လုပ်ဖို့၊ ဗဟုသုတရဖို့အတွက် အင်မတန်ကောင်းမွန်သည့်ကိရိယာတစ်ခုဖြစ်သလို၊ အမှားအယွင်းရှိလျှင်လည်း အန္တရာယ်ကြီးမားတဲ့နေရာတစ်ခုဖြစ်ကြောင်း၊ လူမှုကွန်ရက်ရဲ့ အကျိုးကျေးဇူးများဖြစ်သည့် သတင်းအချက်အလက်ရရှိခြင်း၊ ကမ္ဘာ့ဖြစ်ရပ်များကို ချက်ချင်းသိရှိနိုင်ခြင်း၊ ဆက်သွယ်ရေးဝေးကွာနေတဲ့ ချစ်ခင်သူတွေနှင့် အလွယ်တကူဆက်သွယ်နိုင်ခြင်း၊ ဗဟုသုတ၊ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးဆိုင်ရာ အသိပညာဗဟုသုတများကို အလွယ်တကူရှာဖွေနိုင်ခြင်း၊ သတိပြုရမည့်အန္တရာယ်များ (Cyber Risks) ဖြစ်သည့် သတင်းမှားများ၊ အတည်မပြုရသေးသည့် သတင်းများကို အလွယ်တကူမယုံကြည်စေရန်နှင့် မဖြန့်ဝေမိရန်လိုအပ်ကြောင်း၊ privacy (ကိုယ်ရေးအချက်အလက်) ထိခိုက်ခြင်း၊ မိမိ၏ဖုန်းနံပါတ်၊ နေရပ်လိပ်စာ၊ ဘဏ်အကောင့် အချက်အလက်တွေကို လူသိရှင်ကြားမတင်ပြမိဖို့အရေးကြီးကြောင်း၊ Cyberbullying (အွန်လိုင်းမှ နှောင့်ယှက်ခြင်း)၊ တစ်ဖက်သားကို စော်ကားခြင်း၊ အနိုင်ကျင့်ခြင်းများသည် ပြစ်မှုမြောက်ကြောင်း၊ အွန်လိုင်းမှလည်း အပြင်လောကလို ယဉ်ကျေးဖို့လိုအပ်ကြောင်း၊ အချိန်ဖြုန်းတီးခြင်း လူမှုကွန်ရက်ပေါ်မှာ အချိန်အလွန်အကျွံသုံးစွဲခြင်းက မိမိ၏ကျန်းမာရေး၊ ပညာရေးနဲ့ အလုပ်အကိုင်တွေကို ထိခိုက်စေနိုင်ကြောင်း၊ အချိန်စီမံခန့်ခွဲရန် လူမှုကွန်ရက်သုံးစွဲချိန်ကို ကန့်သတ်ပြီးမိမိ၏ တကယ့်လက်တွေ့ဘဝကို ပိုမိုအာရုံစိုက်ရန်လိုအပ်ကြောင်း၊ လူမှုကွန်ရက်ဆိုတာ ဓားတစ်ချောင်းလိုဖြစ်ကြောင်း၊ ကောင်းတဲ့ဘက်ကအသုံးပြုလျှင် အကျိုးရှိသလို၊ မကောင်းသည့်ဘက်က အသုံးပြုလျှင် ကိုယ့်ကိုပြန်ထိခိုက်စေနိုင်ကြောင်း၊ အသုံးချတဲ့သူက ပညာရှိ၊ အသုံးချခံရတဲ့သူက လူမိုက်ဆိုသည့်အတိုင်း သတိရှိရှိနဲ့ အသိဉာဏ်ရှိရှိ အသုံးပြုကြဖို့လိုအပ်ကြောင်း အသိပညာပေးဟောပြောခဲ့သည်။

ထို့‌နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော သုတ၊ ရသစာအုပ်စာစောင်များနှင့် အသိပညာပေးနံရံကပ်စာစောင်များကို တက်ရောက်လာသော ကျောင်းသား၊ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုငှားရမ်းခဲ့ကြောင်း သိရသည်။

လှိုင်သူဇာ (ပြန်/ဆက်)