မရမ်းကုန်းမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ အခြေခံစာစီစာကုံးရေးသားနည်းသင်တန်း (အခမဲ့) ဖွင့်လှစ်

မရမ်းကုန်း မေ ၁၂

အနာဂတ်၏မျိုးဆက်သစ် ကျောင်းသား၊ ကျောင်းသူ လူငယ်လေးများအား နွေရာသီကျောင်းပိတ်ရက်ကာလတွင် အချိန်ကိုအကျိုးရှိစွာအသုံးချနိုင်ရန်အတွက် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းခရိုင် မရမ်းကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာရေးဆရာအသင်းတို့ ပူးပေါင်း၍ အခြေခံစာစီစာကုံးရေးသားနည်းသင်တန်း (အခမဲ့) ကို ယမန်နေ့နံနက် (၁၀) နာရီက လူထုအခြေပြုဗဟိုဌာန၌ ကျင်းပသည်။

ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးသိန်းထွန်းအောင်က နွေရာသီကာလတွင် ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များ အချိန်ကိုအကျိုးရှိစွာအသုံးချတတ်စေရန် သင်တန်းများ (အခမဲ့) ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်းနှင့် သင်တန်းကာလတွင် တက်ကြွစွာပါဝင်သင်ကြားကြ‌စေလိုကြောင်း၊ မိမိ၏ဦးနှောက်နှင့် အတွေးအခေါ်ထက်မြက်ဓားကောင်းတစ်လက်ကဲ့သို့ အမြဲတမ်းသွေးနေရန်လိုကြောင်း ပြောကြားသည်။

ဆက်လက်၍ မြို့နယ်စာရေးဆရာအသင်းဒုတိယဥက္ကဋ္ဌ ဦးရှင်ဇာနန်က မုဒိတာကျေးဇူးတင်စကားပြောကြားခဲ့ပြီး သင်တန်းနည်းပြဆရာမ ဒေါ်စန်းမြင့်က သင်တန်းမိတ်ဆက်စကား ပြောကြားခဲ့သည်။

အဆိုပါသင်တန်းသို့ မရမ်းကုန်းမြို့နယ်အတွင်းရှိ အခြေခံပညာမူလတန်း‌ကျောင်းများ၊ အခြေခံပညာအလယ်တန်းကျောင်းများ၊ အခြေခံပညာအထက်တန်းကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ (၄၀) ဦးခန့် တက်‌ရောက်ပြီး သင်တန်းကာလ မေလ (၁၁) ရက်မှ မေလ (၂၃) ရက်အထိ ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

ဝေယံ (မရမ်းကုန်း)