မြောက်ဥက္ကလာပ မေ ၁၂
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေး၀န်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ် သမဝါယမဦးစီးဌာနမှ ရက် ၁၀၀ စီမံချက်ဖြင့် သမဝါယမအသင်းအမှုဆောင်များနှင့် အသင်း၀န်ထမ်းများအား စာရင်းရေးသွင်းနည်းနှင့် စာရင်းသဘောတရားများနားလည်စေရန်နှင့် စွမ်းဆောင်ရည်မြှင့်မားလာစေရန် ရည်ရွယ်၍ အခြေခံစာရင်းရေး၊ စာရင်းကိုင်သင်တန်းကို မြို့နယ်သမဝါယမအသင်းစုလီမိတတ်ရုံးခန်းမ၌ ယနေ့နံနက် ၉ နာရီအချိန် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနေလင်းအောင်နှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်စိုးမိုးဟိန်းတို့က အမှာစကားပြောကြားခဲ့ကြသည်။ ထို့နောက် ရန်ကုန်တိုင်းဒေသကြီး၊ သမဝါယမဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးနိုင်က ရက် ၁၀၀ စီမံချက်ဖြင့် သမဝါယမအသင်းအမှုဆောင်များနှင့် အသင်း၀န်ထမ်းများအား အခြေခံစာရင်းရေး၊ စာရင်းကိုင်သင်တန်း (Book keeping) သင်တန်းဖွင့်လှစ်ပို့ချပေးရခြင်းနှင့်ပတ်သတ်၍ ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ ရက် ၁၀၀ စီမံချက်ဖြင့် သမဝါယမအသင်းအမှုဆောင်များနှင့် အသင်း၀န်ထမ်းများအား အခြေခံစာရင်းရေး၊ စာရင်းကိုင်သင်တန်းကို မြို့နယ်အတွင်းရှိ အသင်းအမှုဆောင်များနှင့် အသင်း၀န်ထမ်းများ စုစုပေါင်း ၆၈ ဦး တက်ရောက်သင်ယူမည်ဖြစ်ပြီး သင်တန်းကာလမှာ မေ ၁၂ ရက်နေ့မှ ၁၆ ရက်နေ့ထိ ၅ ရက်ကြာ သင်ကြားပို့ချပေးမည်ဖြစ်ကြောင်း သိရသည်။
သက်လွင်စိုး (ပြန်/ဆက်)