နန့်ယားကျေးရွာ၌ Facility Quarantine ကန့်သတ်ထားရှိသူ(၁၀)ဦးအား Test Kit ဖြင့် ဒုတိယအကြိမ်ဓာတ်ခွဲနမူနာများရယူရာ ကိုဗစ်-၁၉ ရောဂါပိုး မတွေ့ရှိ

ကာမိုင်း    ဇန်နဝါရီ    ၁၈

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ကာမိုင်းမြို့ နန့်ယားကျေးရွာ၌ Facility Quarantine ကန့်သတ်ထားရှိသူ(၁၀)ဦးအား နှာခေါင်းနှင့် အာခေါင်တို့ဖတ်များကို ဇန်နဝါရီ (၁၆)ရက် နံနက် (၁၁)နာရီက Test Kit ဖြင့် ဒုတိယအကြိမ်ဓာတ်ခွဲနမူနာများ ရယူဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ နှာခေါင်းနှင့်အာခေါင်တို့ဖတ်များရယူရာတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့သည့် လူနာနှင့် ထိစပ်ဆက်နွယ်မှု များရှိခဲ့သူ(၁၀)ဦးအား Facility Quarantine ကန့်သတ်ထားရှိခဲ့ပြီး ကာမိုင်းတိုက်နယ်ဆေးရုံမှ ဆရာဝန်ဒေါက်တာအောင်မျိုးထက် ဦးဆောင်သည့် ကျန်းမာရေးဝန်ထမ်း များက နှာခေါင်းနှင့်အာခေါင်တို့ဖတ်များရယူ၍ Test Kit နှင့် ဒုတိယအကြိမ်အဖြစ် ဓာတ်ခွဲနမူနာများ စစ်ဆေးဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ ရောဂါပိုး မတွေ့ရှိခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာ၌ Facility Quarantine ကန့်သတ်ထားရှိသူ ကျား(၆)ဦးနှင့် မ(၄)ဦး စုစုပေါင်း(၁၀)ဦးအား ဇန်နဝါရီလ (၁၃)ရက်နေ့နှင့် (၁၆)ရက်နေ့များတွင် နှစ်ကြိမ်ဆက်တိုက်Test Kit ဖြင့် ဓာတ်ခွဲနမူနာများရယူခဲ့ရာ ရောဂါပိုးမတွေ့ရှိကြောင်း တိုက်နယ်ကျန်းမာရေးဌာနမှ သိရသည်။

ဇွဲသူရအောင်(ပြန်/ဆက်)