ကာလိ ဇန်နဝါရီ ၁၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကာလိမြို့၊ အမှတ်(၄)ရပ်ကွက် တိုးချဲ့ကွက်သစ်တွင် ပြည်သူများ ကိုယ်ထူကိုယ်ထ “တင်းလီ” ဈေးသစ် လွှဲပြောင်းပေးအပ်ခြင်းနှင့် ဈေးသစ်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၈)နာရီအချိန်ခန့် က ကျင်းပခဲ့ကြောင်း သိရသည်။
ဈေးသစ်ဖွင့်ပွဲအခမ်းအနားတွင် ကွန်ဟိန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းခင်စော၊ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းအောင်ကျော်ဦး၊ ဌာနေပြည်သူ့စစ်တပ်မဟာ (၇)မှ ဗိုလ်မှူးစောဝ်ခမ်းခေါင်နှင့် စည်ပင်သာယာရေးဌာနမှ မြို့နယ်ခွဲတာဝန်ခံ ဦးခင်ဇော်ဦးနှင့် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးမြတ်သာအောင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး “တင်းလီ”ဈေးသစ် ဆိုင်းဘုတ်အား အမွေးနံ့သာကင်ပွန်းမင်္ဂလာရေ ပက်ဖျန်းပေးခဲ့သည်။
ထို့နောက် ကိုယ်ထူကိုယ်ထဈေးသစ် ကော်မတီနာယက ဦးစိုင်းခေါင် က “တင်းလီ”ကိုယ်ထူကိုယ်ထဈေးသစ် တည်ဆောက်ခြင်း နှင့်ပတ်သက်သည့် အကြောင်းအရာများကို ရှင်းလင်းပြောကြားပြီး ဌာနေပြည်သူ့စစ်တပ်မဟာ(၇)မှ ဗိုလ်မှူးစောဝ်ခမ်းခေါင်မှ “တင်းလီ”ကိုယ်ထူကိုယ်ထဈေးသစ်ကြီးကို ကွန်ဟိန်းမြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးမြတ်သာအောင် အား လွှဲပြောင်းပေးအပ်ခဲ့သည်။
ကာလိမြို့ ပြည်သူများကိုယ်စား တာဝန်ရှိသူတစ်ဦးမှ စည်ပင်သာယာရေးဌာနမှ မြို့နယ်ခွဲတာဝန်ခံ ဦးခင်ဇော်ဦးအား အမှတ်တရလက်ဆောင် ပေးအပ်ခဲ့ကြောင်းသိရသည်။ ဆက်လက်၍ ကွန်ဟိန်းမြို့နယ် စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ ဦးမြတ်သာအောင် က ကျေးဇူးတင်စကားပြောကြားပေးခဲ့ပြီး ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ကြသည့် တာဝန်ရှိသူများမှ “တင်းလီ”ဈေးသစ်အတွင်းသို့ လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။
ဝင်းကျော်(ကာလိ၊ပြန်/ဆက်)