ရက်(၁၀၀)စီမံချက်ဖြင့် ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေး မှုခင်းကျဆင်းရေး ဟောပြောပွဲ ပြုလုပ်

သုံးခွ မေ ၁၂

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ် မြို့နယ်ရဲတပ်ဖွဲ့မှ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေး၊မှုခင်းကျဆင်းရေး အသိပညာပေး ဟောပြောပွဲကို အမှတ် (၁) ရပ်ကွက်၊ ယုဇနလမ်းရှိ ကန်ကြီးကျောင်းတိုက်ဓမ္မာရုံတွင် မေ ၁၁ ရက် ညနေ ၄ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးမြင့်ကျော်က အမှာစကားပြောကြားသည်။ ထို့နောက် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးလွင်သက်အောင်က ရပ်ရွာအေးချမ်းသာယာရေး ၊ မှုခင်းကြိုတင်ကာကွယ်ရေး ၊ လူသတ်မှု ၊ လောင်းကစားမှု ၊ မုဒိမ်းမှု ၊လူကုန်ကူးမှုများ စသည့်အကြောင်းအရာများကို ဟောပြောခဲ့သည်။ ယင်းနောက် မြို့နယ်မီးသတ်တပ်ဖွဲ့ မီးသတ်စခန်းမှူး ဦးပြည့်ဖြိုးဟန်က မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနည်းလမ်းများနှင့် မီးသတ်ဆေးဘူးအသုံးပြုပုံအဆင့်ဆင့်ကို ရှင်းလင်းဟောပြောခြင်း ၊ သဘာဝဘေးစီမံခန့်ခွဲမှုနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာမှ ဦးစီးမှူး ဦးသိန်းဟန်က သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး နည်းလမ်းများကို အသီးသီး ဟောပြောခဲ့ကြသည်။

ဆက်လက်၍ ရဲတပ်ဖွဲ့ဝင်များက မှုခင်းကြိုတင်ကာကွယ်ရေးနှင့် မှုခင်းပညာပေး လက်ကမ်းစာစောင်များကို ဟောပြောပွဲတက်ရောက်လာသည့်ပြည်သူများအား ဖြန့်ဝေခဲ့ကြောင်း သိရသည်။

စည်သူလင်း ပြန်/ဆက်