သံဖြူဇရပ်မြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းဆွေးနွေးပွဲပြုလုပ်

သံဖြူဇရပ် မေ ၁၂

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန၊ ပညာရေးဌာနတို့ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးအဖြစ် နွေရာသီကျောင်းပိတ်ရက် ကျောင်းသား၊ ကျောင်းသူများအား စာရေးဆရာအောင်သင်း၊ ဖေမြင့်၊ ခင်မောင်ညို စာရေးဆရာအများရေးသားသည့် "လူငယ်နှင့်ဘဝတန်ဖိုး" စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲပိုင်းက မြို့နယ်ရုံးလူထုအခြေပြုဗဟိုဌာန၌ ပြုလုပ်သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်အေးအေးသီက စာဖတ်ရှိန်မြင့်မားလာစေရန်အတွက် ပြင်ပစာပေ၊ ဗဟုသုတများကို လေ့လာဖတ်ရှုစေရန်၊ စာအုပ်စာပေများနှင့်ရင်းနှီးမှုရှိပြီး စာဖတ်သည့်အလေ့အကျင့်များရရှိစေရန်၊ စာပေမှတစ်ဆင့်အသိပညာဗဟုသုတများရရှိစေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် လူငယ်လူရွယ် ကျောင်းသား ကျောင်းသူများက "လူငယ်နှင့်ဘဝတန်ဖိုး" စာအုပ်မှ လူငယ်နှင့်တန်ဖိုးထားမှု၊ ကျွန်တော်တို့၏အနာဂတ်၊ လူကြီးနှင့် လူငယ်အဟောင်းနှင့် အသစ်၊ လူ့တန်ဖိုးဟုဆိုရာဝယ် စသည့်အကြောင်းအရာများကို ကျောင်းသား ကျောင်းသူ ၃ ဦးတို့က ကဏ္ဍအလိုက် အသီးသီးဆွေးနွေးရပြီး တက်‌ရောက်လာသည့် ကျောင်းသား ကျောင်းသူလူငယ်လေးများက စာအုပ်ပါအကြောင်းအရာများကို အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)