၂၀၂၅ ခုနှစ်အတွက် အကောင်းဆုံးအားကစားသမား(အမျိုးသား/အမျိုးသမီး)၊ အကောင်းဆုံး အုပ်ချုပ်သူ/နည်းပြများ ဆုချီးမြှင့်ပွဲနှင့် ၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ကြက်တောင်ပြိုင်ပွဲ ဖွင့်ပွဲကျင်းပ

ရန်ကုန်၊ မေ  ၁၁

အားကစားရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦးသည် အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက် ၈ နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ် ကျိုက္ကဆံအားကစားကွင်းရှိ ပြည်ထောင်စုခန်းမ၌ ကျင်းပသည့် မြန်မာနိုင်ငံအိုလံပစ်ကော်မတီနှင့် မြန်မာနိုင်ငံအားကစားမီဒီယာများအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသော ၂၀၂၅ ခုနှစ်အတွက် အကောင်းဆုံးအားကစားသမား (အမျိုးသား/အမျိုးသမီး)၊ အကောင်းဆုံးအုပ်ချုပ်သူ/နည်းပြများ ဆုချီးမြှင့်ပွဲ အခမ်းအနားသို့ တက်ရောက်၍ ဂုဏ်ပြုဆုငွေများနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများအား ပေးအပ်ချီးမြှင့်ခဲ့ပြီး အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့သည်။

ဆက်လက်၍ ညွှန်ကြားရေးမှူးချုပ်နှင့်အဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီး၊ လမ်းမတော် မြို့နယ်ရှိ အမျိုးသားကြက်တောင်အားကစားခန်းမ၌ ကျင်းပသော ၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ကြက်‌တောင်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့‌ တက်ရောက်ပြီး ယနေ့ ယှဉ်ပြိုင်သည့် အမျိုးသားအသင်းလိုက် ပတ်လည်ပြိုင်ပွဲ ပွဲစဉ်များအဖြစ် ကွင်းအမှတ်(၁)၌ မန္တလေးတိုင်းဒေသကြီးအသင်းနှင့် နေပြည်တော်အသင်း၊ ကွင်းအမှတ်(၂)၌ ပဲခူးတိုင်းဒေသကြီးအသင်းနှင့် ဧရာဝတီတိုင်းဒေသကြီးအသင်း၊ ကွင်းအမှတ်(၃)၌ ရှမ်းပြည်နယ်အသင်းနှင့်ကရင်ပြည်နယ်အသင်း၊ အမျိုးသားနှစ်ယောက်တွဲပြိုင်ပွဲ ပွဲစဉ်များအဖြစ် ကွင်းအမှတ်(၁)၌ မန္တလေးတိုင်းဒေသကြီးအသင်းနှင့် နေပြည်တော်အသင်း၊ ကွင်းအမှတ်(၃)၌ ရှမ်းပြည်နယ်အသင်းနှင့် ကရင်ပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားနေမှုများအား ကြည့်ရှုအားပေးခဲ့သည်။

ယင်းနောက် ညွှန်ကြားရေးမှူးချုပ်နှင့်အဖွဲ့သည် သင်္ဃန်းကျွန်းမြို့နယ် လူငယ်အားကစားလေ့ကျင့်ရေးစခန်းသုဝဏ္ဏရှိ အားကစားသမား ၄ ထပ် အိပ်ဆောင်သို့ သွားရောက်၍ တိုင်းဒေသကြီးနှင့်ပြည်နယ်ကြက်တောင်ပြိုင်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်ကြသည့် တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ အားကစားသမားများ  တည်းခိုနေထိုင်လျက်ရှိသည့် အိပ်ဆောင်များ၊ စားရိပ်သာရှိ ချက်ပြုတ်ဆောင်နှင့်ထမင်းစားဆောင်တို့ကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး အားကစားသမားများ တည်းခိုနေထိုင်ရာတွင် အဆင်ပြေချောမွေ့စေရေး၊ ရေ၊ မီး၊ မိလ္လာကောင်းမွန်စေရေး၊ ပြိုင်ပွဲသို့သွားလာရာ၌ အဆင်ပြေချောမွေ့စေရေး၊ ကျန်းမာရေးနှင့်ညီညွတ်စေရန် သန့်ရှင်းလတ်ဆတ်ပြီး အင်အား ဖြစ်စေမည့် အစားအသောက်များ စားသုံးနိုင်စေရေးတို့အတွက် သန့်ရှင်းလတ်ဆတ်၍ ကောင်းမွန်စွာချက်ပြုတ်နိုင်ရေး စီမံဆောင်ရွက်သွားရန်၊ အသီးအနှံများ သိမ်းဆည်းထားသိုနိုင်ရေးအတွက် သီးသန့်အခန်းထားရှိရန်၊ ရေသန့်စင်စက်များကောင်းမွန်စေရန်နှင့် အခြားလိုအပ်ချက်များရှိပါက အချိန်နှင့်တစ်ပြေးညီ သတင်းပို့တင်ပြ ဆောင်ရွက်သွားရန် တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားခဲ့သည်။

ဆက်လက်၍ ညွှန်ကြားရေးမှူးချုပ်နှင့်အဖွဲ့သည် တောင်ဥက္ကလာပမြို့နယ်ရှိ မြသီတာအားကစားကွင်းသို့ရောက်ရှိပြီး ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးအစိုးရဘတ်ဂျက်ဖြင့် တည်ဆောက်လျက်ရှိသည့် အလျား ၂၀၀ ပေ ၊ အနံ ၁၅၀ ပေရှိ ပရိသတ် ၂၁၀၀ ဆံ့ မြသီတာ မိုးလုံလေလုံအားကစားရုံ၏ ၈၅ ရာခိုင်နှုန်း တည်ဆောက်ပြီးစီးမှုအခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး အဆောက်အဦများ ရေရှည်တည်တံ့ ခိုင်မြဲစေရေး၊ သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အရည်အသွေးပြည့်မီ၍ သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီး နိုင်စေရေးနှင့် အခြားလိုအပ်ချက်များအား သက်ဆိုင်ရာကုမ္ပဏီမှ တာဝန်ရှိသူများကို မှာကြားခဲ့သည်။

ထို့နောက် ညွှန်ကြားရေးမှူးချုပ်နှင့်အဖွဲ့သည် အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) စားရိပ်သာသို့ ရောက်ရှိပြီး ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် သင်တန်းတက်ရောက်ရန် တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ  လာရောက်ရွေးချယ်ခံသည့် သင်တန်းသား/သင်တန်းသူများ၏ နေ့လယ်စာ စားသုံးနေမှုများကို သွားရောက်ကြည့်ရှုစစ်ဆေး၍ သင်တန်းသား/သင်တန်းသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။

​အောင်မြင့်(ပြန်/ဆက်)