ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးနိုင်ဦး မာန်အောင်မြို့နယ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

စစ်တွေ မေ ၁၂

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးနိုင်ဦးသည် ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဒေါက်တာစန်းရွှေ၊ ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မေလ ၈ ရက်နံနက်ပိုင်းက မာန်အောင်မြို့နယ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်း ဆောင်ရွက်ကြသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မာန်အောင်မြို့၊ ရှေးဟောင်းသမိုင်းဝင် ရန်အောင်မြင်စေတီတော်အား သွားရောက်ဖူးမြော်ကြပြီး ပန်း၊ ဆီမီး၊ ရေချမ်းများကပ်လှူ ပူဇော်ကြကာ အလှူငွေများ ထည့်ဝင်လှူဒါန်းကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ချမ်းမြေ့သစ္စာဓမ္မဘိုးဘွားရိပ်သာသို့ သွားရောက်ပြီး ရိပ်သာအတွင်း အဘိုးအဘွားများအား ကျန်းမာရေးစောင့်ရှောက်ပေးနေမှုအခြေအနေများကို မေးမြန်းဆွေးနွေးကာ ရိပ်သာအတွက် ဆန်နှင့်အလှူငွေများပေးအပ်လှူဒါန်းကြသည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အနောက်စုရပ်ကွက်ရှိ တိုးချဲ့(၂)နှင့် (၄)လမ်းအား အဆင့်မြှင့်တင် ဆောင်ရွက်နိုင်ရေး သွားရောက် ကြည့်ရှုစစ်ဆေးကြရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ စနစ်တကျဆောင်ရွက်သွားကြရန် မှာကြားခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြို့နယ်ခန်းမ၌ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ၊ မြို့မိ၊ မြို့ဖများ၊ ရပ်ကွက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ ဒေသခံပြည်သူများနှင့်တွေ့ဆုံပွဲသို့ တက်ရောက်ကြသည်။

တွေ့ဆုံပွဲတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးနိုင်ဦးက မာန်အောင်မြို့နယ်သည် တည်ငြိမ်အေးချမ်းသော မြို့နယ်တစ်ခုဖြစ်ကြောင်း၊ ဒေသတစ်ခုသည် တည်ငြိမ်အေးချမ်းမှ ဖွံ့ဖြိုးတိုးတက်မည်ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်ဖွံ့ဖြိုးတိုးတက်မှုနှင့် ပြည်သူများလူမှုစီးပွား ဘဝဖွံ့ဖြိုးတိုးတက်ရေးကို အလေးထားဆောင်ရွက်လျက်ရှိကြောင်း၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပညာရေး၊ ကျန်းမာ ရေး၊ စီးပွားရေး၊ လူမှုရေးစသည့် ကဏ္ဍအသီးသီးကို မြင့်မားလာစေရန်နှင့် ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် နည်းလမ်းမျိုးစုံနှင့် ကြိုးစားဆောင်ရွက်လျက်ရှိပါကြောင်း၊ အလားတူပြည်သူများ၏ စားရေရိက္ခာဖူလုံရေးအတွက်လည်း အထူးအလေးပေးဆောင်ရွက်လျက်ရှိကြောင်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးကိုအခြေခံ၍ဒေသထွက်ကုန်များကိုတိုးမြှင့် ထုတ်လုပ်သွားရမည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးမှထွက်ရှိလာသည့် ကုန်ကြမ်းများကို အခြေခံကာ MSME လုပ်ငန်းများအဖြစ် တန်းဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်အောင် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူများကလည်း စည်းစည်းလုံးလုံးတက်ညီလက်ညီဖြင့် အလုပ်လုပ်ကိုင် ကြရမည်ဖြစ်ကြောင်း၊ စီးပွားရေးကောင်းမှ ထုတ်ကုန်တိုးမြှင့်ထုတ်လုပ်မှ နိုင်ငံဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း၊ ဆိုလာစနစ်ဖြင့် စက်မှုလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးမှ ရရှိလာသော ထုတ်ကုန်များကို စက်မှုကဏ္ဍဖြင့် တိုးမြှင့်ထုတ်လုပ်နိုင်ရေး ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ထို့ပြင် ပညာရေးကဏ္ဍကို တိုးမြှင့်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ပညာတတ်မှ နည်းစနစ်တကျ စိုက်ပျိုးထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း၊  ထို့ကြောင့် ကျောင်းနေအရွယ်ကလေးများ ကျောင်းတက်ရောက်နိုင်ရေး၊ မိမိတို့သားသမီးများ၊ မိမိပတ်ဝန်းကျင်ရှိ ကလေးငယ်များ စာသင်ခန်းသို့ ရောက်ရှိကာ ပညာသင်ကြားနိုင်ရေးဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်က KG+ 9 အခမဲ့ပညာရေးစနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ ကလေးငယ်များ၏ ပညာရေးမြင့်မားရေးအတွက် မိမိတို့ရခိုင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့်လည်း စီမံဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတော်သမ္မတကြီးကလည်း သန့်ရှင်းသောအစိုးရ ကောင်းမွန်သောအုပ်ချုပ်မှုဖြစ်အောင် ဆောင်ရွက်လျက်ရှိကြောင်း၊ ခေတ် သစ်၊ စနစ်သစ်၊ မူဝါဒသစ် အပြောင်းအလဲများဖြစ်လာချိန် စေတနာပါပါဖြင့် လုပ်ဆောင်ပေးကြရန်ဖြစ်ကြောင်း၊ အဂတိကင်းကင်းဖြင့် လုပ်ဆောင်ပေးကြရန်လိုကြောင်း၊ မိမိကိုယ်တိုင်ကင်းရှင်းပြီး ပတ်ဝန်းကျင်ကိုလည်း ကင်းရှင်းအောင် လုပ်ဆောင်ပေးကြစေလိုကြောင်း ပြောကြားသည်။ ယင်းနောက် တက်ရောက်လာကြသော မြို့မိ၊ မြို့ဖများ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် ဒေသခံပြည်သူများက မြို့နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည်များကို ဆွေးနွေးတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်၊ လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် ပြည်နယ်ဝန်ကြီးများက ပြန်လည် ဆွေးနွေးပြောကြားကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးကြကာ တွေ့ဆုံပွဲသို့ တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံ နှုတ်ဆက်ခဲ့ကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြို့နယ်ပြည်သူ့ ဆေးရုံသို့သွားရောက်ပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးနှင့် သူနာပြုများ၊ကျန်းမာရေး ဝန်ထမ်းများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ကာ ဆေးရုံတက်ရောက်၍ ကျန်းမာရေးစောင့်ရှောက်မှုခံယူနေ ကြသည့်လူနာများအား လှည့်လည်ကြည့်ရှု အားပေးစကားပြောကြပြီး အာဟာရဖြည့်စွက် စာများပေးအပ်ကြသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မာန်အောင်ဆေးရုံ၌ အသက်(၅)နှစ်အောက် ကလေးငယ်များအား ကာကွယ်ဆေးထိုးနှံပေး နေမှုကို ကြည့်ရှုအားပေးကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြို့သစ်ရပ်ကွက် စည်ပင်သာယာလမ်းအား အဆင့်မြှင့်တင်နိုင်ရန် သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မာန်အောင်မြို့နယ်အတွင်း MSME လုပ်ငန်းများဖြစ်သော  ငွေတိုးဆီစက်သို့ သွားရောက်ကြည့်ရှုအားပေးကြရာ ဆီစက် လုပ်ငန်းရှင်က မြေပဲများ ဝယ်ယူသိုလှောင်ထားရှိမှု၊ ပဲဆီများထုတ်လုပ်နေမှုနှင့် ဈေးကွက်အတွင်းဖြန့်ဖြူး ရောင်းချနေမှု အခြေအနေများကို လိုက်လံရှင်းလင်းတင်ပြသည်။ တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က မြေပဲစိုက်တောင်သူများ တိုးချဲ့စိုက်ပျိုးနိုင်ရေး၊ အထွက်နှုန်းတိုးတက်လာစေရေးနှင့် ဆီစက်များတိုးချဲ့ဖွင့်လှစ်နိုင်ရေး တိုင်းဒေသကြီး၊ ပြည်နယ်များသို့ ဖြန့်ဖြူးရောင်းချနိုင်ရေး ဆက်လက် ဆောင်ရွက်သွားကြရန်မှာကြားပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။

နေ့လယ်ပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဇိုင်ပင်ကျေးရွာသို့သွားရောက်ကြ၍ ချင်းတိုင်းရင်းသား၊ တိုင်းရင်းသူများက ချင်းရိုးအကဖြင့် ကပြဖျော်ဖြေမှုကိုကြည့်ရှု အားပေးပြီး ချင်းရိုးရာအကအဖွဲ့အား ချီးမြှင့်ငွေများပေးအပ်ကြသည်။ ဆက်လက်၍ မြေနီတောင်ဘုရား တောင်တက်လမ်းပြုပြင်ထားရှိမှုနှင့် ဆက်လက်ဆောင်ရွက်နိုင်ရေး သွားရောက်ကြည့်ရှုစစ်ဆေးကြပြီး မြေနီတောင်ကျောင်းတိုက် ဆရာတော်အား ဖူးမြော်ကာ တောင်တက်လမ်း ဆက်လက်ပြုပြင်နိုင်ရန်အတွက် အလှူငွေနှင့်စက်သုံးဆီများ ပေးအပ်လှူဒါန်း၍ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စိန်ပန်းမြိုင် ပဲယိုနှင့်နှမ်းယိုလုပ်ငန်းသို့ သွားရောက်ကြည့်ရှုအားပေးကြရာ လုပ်ငန်းရှင်က ပဲယို၊နှမ်းယိုနှင့် အုန်းယိုများ ထုတ်လုပ်နေမှုနှင့် ဈေးကွက်အတွင်းဖြန့်ဖြူးနေမှုအခြေအနေများကို လိုက်လံရှင်းလင်းပြသရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မာန်အောင်ကျွန်းပတ်လမ်းပေါ်ရှိ လမ်း၊ တံတားများ ကြံ့ခိုင်မှုအခြေအနေများ၊ လမ်းများပြုပြင် ထိန်းသိမ်းဆောင်ရွက်မည့် အစီအမံများကို လှည့်လည်ကြည့်ရှုစစ်ဆေးကြရာ ပြည်နယ်လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်း ဆက်သွယ်ရေးဝန်ကြီးနှင့် လမ်းဦးစီးဌာနမှ တာဝန်ရှိသူများက လိုက်လံရှင်းလင်း တင်ပြကြသည်။ ထိုသို့လှည့်လည်ကြည့်ရှုစဉ် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မာန်အောင်ကျွန်းပတ်လမ်းပေါ်ရှိ မိမ္မကြွယ်ကျေးရွာ၌ ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ ပြည်သူများက အခြေခံပညာအလယ်တန်းကျောင်း အတွက် လိုအပ်သည်များကို တင်ပြကြရာ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်ပေးခဲ့သည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကအီးကျေးရွာသစ် ရွာအဝင်လမ်းအား ကိုယ်ထူကိုယ်ထ ဆောင်ရွက်ထားရှိမှုအားလည်းကောင်း၊ ကအီးတံတားအား ပြန်လည်ပြုပြင်ဆောင်ရွက်ထားရှိမှုအားလည်းကောင်း သွားရောက်ကြည့်ရှုစစ်ဆေးကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားခဲ့သည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဆားချက်တိုက်နယ်ဆေးရုံနှင့် ဆားချက်အခြေခံပညာအထက် တန်းကျောင်းသို့လည်းကောင်း၊ ကျောက်တန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်းသို့လည်းကောင်း သွားရောက်ကြပြီး ဆရာ၊ ဆရာမများ၊ ကျောင်းသားမိဘများနှင့်တွေ့ဆုံပြီး ဆေးရုံနှင့် ကျောင်းများအတွက် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။

မေလ ၉ ရက်နေ့နံနက်ပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မာန်အောင်လေဆိပ်သို့ သွားရောက်ပြီး ဝန်ထမ်းများအားရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ကာ လေယာဉ်ပြေးလမ်း၊ လေဆိပ်အတွင်း ခရီးသည်များ နားနေခန်း၊ ဆိပ်ရောက်/ထွက်ခွာ ခရီးသွားပြည်သူများအား လုံခြုံရေး စစ်ဆေးမှုနှင့် ဆက်သွယ်ရေးစက်ကိရိယာများတတ်ဆင်ထားရှိမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လေဆိပ်နှင့်  အနီးပတ်ဝန်းကျင်လုံခြုံရေး၊ သန့်ရှင်းသာယာလှပရေး ဆောင်ရွက်သွားကြရန် တာဝန်ရှိသူများအား မှာကြားကာ လိုအပ်သည်များကို ပေါင်းစပ်ညှိ နှိုင်းပေးခဲ့သည်။ ထို့နောက် သဖန်းခေါင်းကျေးရွာနှင့် သင်္ဂဇာကျေးရွာချင်းဆက်လမ်းအား အဆင့်မြှင့်တင် ဆောင်ရွက်နိုင်ရန်အတွက် သွားရောက် ကြည့်ရှုစစ်ဆေးကြရာ ပြည်နယ်ဝန်ကြီးချုပ်က ဒေသခံပြည်သူများ ရာသီမရွေးသွားလာနိုင်ရေးနှင့် ရေစီးရေလာကောင်းမွန်ရေး စနစ်တကျဆောင်ရွက်သွားကြရန်မှာကြားပြီး သင်္ဂဇာကျေးရွာ တံတားပြုပြင် ပြီးစီးမှုအခြေအနေအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။ ဆက်လက်၍ ပြည်နယ် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ငတက်ပြင်/ချောင်းနားစုကျေးရွာ အခြေခံပညာမူလတန်းကျောင်းအား သွားရောက်ကြည့်ရှု စစ်ဆေးကြပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် မျှော်တော်ဦး ကမ်းခြေအား ဒီရေတိုက်စားမှုမှ ကာကွယ်နိုင်ရန်အတွက် လှိုင်းကာကျောက်စီနံရံ များ ပြုလုပ်နိုင်ရေးသွားရောက်ကြည့်ရှုစစ်ဆေးကြရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်း တင်ပြကြ သည်။ တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ကမ်းခြေတွင်ခရီးသွားမော်တော်များနှင့် ငါးဖမ်းလှေများ အဝင်အထွက်ကောင်းမွန်စေရန် စနစ်တကျဆောင်ရွက်နိုင်ရေးမှာကြားပြီး မေဃဝတီ ကမ်းခြေအား သွားရောက်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

တင်ထွန်း (ပြန်/ဆက်)