ဒေါပုံမြို့နယ်တွင် စုံရက်၊ မရက်အလိုက် ထုတ်ပြန်ထားသည့် စည်းကမ်းသတ်မှတ်ချက်များအတိုင်း လိုက်နာမှုမရှိသည့် မော်တော်ယာဉ်များအား စစ်ဆေးဆောင်ရွက်

ဒေါပုံ မေ ၁၂

ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်တွင် မော်တော်ယာဉ်များ စုံရက်၊ မရက်အလိုက် သတ်မှတ်ချက်များအတိုင်း မောင်းနှင်စေရေးအတွက် စစ်ဆေးဆောင်ရွက်ခြင်းကို ယမန်နေ့မွန်းလွဲ ၂ နာရီအချိန်က မဟာဗန္ဓုလတံတားအဆင်း၊ မြို့မရဲစခန်းအရှေ့တွင် တာဝန်ရှိသူများပူးပေါင်းအဖွဲ့တို့က ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ထိုသို့ စစ်ဆေးရာတွင် စုံရက် ၊ မရက်အလိုက် သတ်မှတ်ရက်များတွင် စည်းကမ်းလိုက်နာမှုမရှိသည့် မော်တော်ယာဉ်များကို စစ်ဆေးခဲ့ရာ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များအပေါ် အများစုမှာ လိုက်နာဆောင်ရွက်လျက်ရှိပြီး အချို့သောစည်းကမ်းလိုက်နာမှုမရှိသည့် မော်တော်ယာဉ်များကို မော်တော်ယာဉ်ဥပဒေပုဒ်မ - ၉၆ ဖြင့် ချလံဖြတ်အရေးယူဆောင်ရွက်ကာ နောင်တွင်သတ်မှတ်ရက်များအတိုင်းသာမောင်းနှင်ကြရန်နှင့် ယာဉ်မောင်းသူများအနေဖြင့် သတ်မှတ်ချက်များကို လိုက်နာမှုမရှိပါက ဥပဒေအရအရေးယူခံရမည်ဖြစ်ကြောင်း အသိပေးပြောကြားခဲ့ပါသည်။

အဆိုပါမော်တော်ယာဉ်များ စစ်ဆေးဆောင်ရွက်ရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီမှ ဦးဆောင်၍ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများပူးပေါင်း၍ မြို့နယ်အတွင်း ဖြတ်သန်းသွားလာကြသော မော်တော်ယာဉ်ကို စစ်‌ဆေးခြင်းများဆောင်ရွက်ခဲ့‌ကြကြောင်း သိရသည်။

ချစ်စုဝေ (ပြန်/ဆက်)