ပြည်ကြီးတံခွန် မေ ၁၂
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ် လွှတ်တော်ကိုယ်စားလှယ်များက ကြီးမှူးကျင်းပသည့် Football for School Programme အစီအစဉ်ဖြင့် အခြေခံ ဘောလုံးသင်တန်း၊ ကရာတေးဒိုသင်တန်း၊ တိုက်ကွမ် ဒိုသင်တန်းနှင့် စားပွဲတင်တင်းနစ်ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၈ နာရီက ၅၆လမ်း၊ ၁၂၇လမ်းနှင့် ၁၂၈လမ်း ကြားရှိ ထထ-၃၆၊ အားကစားကွင်း၌ ကျင်းပသည်။
အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးက အမှာစကားပြောကြားသည်။ ဆက်လက်ပြီး မြို့နယ်အားကစားမှူး ဦးစီးအရာရှိ ဒေါ်စန်းစန်းအေး အားကစား သင်တန်းနည်းပြ မြန်မာ့လက်ရွေးစင် သက်နိုင်နှင့်ကျော်တက်ဦးတို့ကဦးဆောင်၍ သင်တန်းသား/သင်တန်းသူများက အားကစားသင်တန်းသစ္စာအဓိဋ္ဌာန်ရွတ်ဆိုသည်။
ယင်းနောက် အလှူရှင်များကအလှူငွေများပေးအပ်ခဲ့ရာ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက လက်ခံရယူခဲ့ပြီး အခြေခံဘောလုံးသင်တန်း၊ ကရာတေးဒိုသင်တန်း၊ တိုက်ကွမ်ဒိုသင်တန်းနှင့် စားပွဲတင်တင်းနစ်သင်တန်းအဖွဲ့မှ သင်တန်းသား/သင်တန်းသူများက အားကစားနည်းများ သရုပ်ပြလေ့ကျင့်ခဲ့ကြသည်။
အခမ်းအနားကို တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌနှင့် လွှတ်တော်ကိုယ်စားလှယ်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းမင်းထွန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အားကစားမှူးဦးစီးအရာရှိ ဒေါ်စန်းစန်းအေးနှင့် အားကစားသင်တန်းနည်းပြများ၊ (၁၈)ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ သက်ဆိုင်ရာတာဝန်ရှိဌာနဆိုင်ရာများနှင့် သင်တန်းသား/သင်တန်းသူများ တက်ရောက်ကြောင်း သိရသည်။
ဇင်မင်းမောင် (ခရိုင်၊ ပြန်/ဆက်)