မော်လမြိုင် မေ ၁၂
၂၀၂၅ - ၂၀၂၆ ပညာသင်နှစ်၏ ထူးချွန်ထက်မြတ်သည့် မွန်ပြည်နယ်မှ လူရည်ချွန်မောင်မယ် ကျောင်းသား / သူများသည် ပြင်ဦးလွင်၊ အင်းလေး၊ ငွေဆောင်၊ နေပြည်တော်၊ ချောင်းသာအပန်းဖြေစခန်းများသို့ လေ့လာရေးခရီးသွားရောက်ခဲ့ကြပြီး ယမန်နေ့ညနေပိုင်းတွင် မော်လမြိုင်မြို့ ပြည်နယ်အစိုးရအဖွဲ့ရုံးရှေ့၌ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်း၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ ဆရာ / မများ၊ တာဝန်ရှိသူများနှင့် ကျောင်းသား / သူများ၊ မိဘအုပ်ထိန်းသူများက ဂုဏ်ပြုပန်းကုံး၊ ပန်းစည်းများဖြင့် ဂုဏ်ပြုကြိုဆိုခဲ့ကြသည်။
ထို့နောက် လူရည်ချွန်မောင်မယ်များအား ပြည်နယ်အစိုးရအဖွဲ့ရုံ ရာမညခန်းမတွင်တွေ့ဆုံ၍ ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်ဂုဏ်ဆောင် လူရည်ချွန်မောင်မယ်တွေကို ဂုဏ်ပြုပေးတဲ့အခမ်းအနားဖြစ်ကြောင်း၊ နိုင်ငံတော်အကြီးအကဲ၏ စီစဉ်ပေးသည့် အပန်းဖြေစခန်းများကိုလည်းသွားရောက်ခဲ့ပြီး ဒေသန္တရဗဟုသုတတွေလည်းရရှိခဲ့ကြသည့်အတွက် မိမိတို့လေ့လာတွေ့ရှိခဲ့သမျှကို သူငယ်ချင်း၊ ကျောင်းသား၊ ကျောင်းသူများကိုလည်း ပြန်လည်ဝေဌပေးစေလိုကြောင်း၊ ယခုနှစ်မှာ လူရည်ချွန်အရွေးခံရသလို နောင်လာမည့်နှစ်များတွင်လည်း ဆက်လက်ပြီး နှစ်ထပ်ကွမ်း၊ သုံးထပ်ကွမ်း ၊ လေးထပ်ကွမ်း လူရည်ချွန်များအဖြစ် မြင်တွေ့ချင်၍ ဆက်လက်ကြိုးစားကြစေလိုကြောင်း၊ မွန်ပြည်နယ်အစိုးရအနေဖြင့် ဂုဏ်ယူမဆုံးဖြစ်ကာ မိဘများ၊ ဆရာ၊ ဆရာမများ၊ သူငယ်ချင်းများအားလုံးကလည်း ဂုဏ်ယူမဆုံးဖြစ်ကြပါကြောင်း၊ နိုင်ငံတော်က အားကိုးအားထားပြုရတဲ့ လူရည်လူမွန်များဖြစ်အောင် အမြဲတမ်းဆက်လက်ကြိုးစားကြပြီး တန်ဖိုးထားထိန်းသိမ်းစောင့်ရှောက်ကြရန်နှင့် မျိုးချစ်စိတ်ဓာတ် ပြည်ထောင်စုစိတ်ဓာတ်များ ရှင်သန်ခိုင်မာကြရန်လည်းလိုအပ်ကြောင်း၊ အတွေ့အကြုံဗဟုသုတများ၊ အလေ့အကျင့်ကောင်းများ ဘက်စုံပညာအရည်အသွေးများ ဖွံ့ဖြိုးတိုးတက်လာမယ်လို့လည်းမျှော်လင့်ပါကြောင်း၊ အမျိုးသားယဉ်ကျေးမှု ထုံးတမ်းဓလေ့များကို နှစ်သက်တန်ဖိုးထားထိန်းသိမ်းစောင့်ရှောက်ကြရန်နှင့် မျိုးချစ်စိတ်ဓာတ် ပြည်ထောင်စုစိတ်ဓာတ်များ ရှင်သန်ခိုင်မာကြရန်လည်းလိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် လူရည်ချွန်မောင်မယ်များကိုယ်စား လူရည်ချွန်တစ်ဦးမှ အမှတ်တရလက်ဆောင်ပစ္စည်းများအား ပြည်နယ်ဝန်ကြီးချုပ်ထံ ပေးအပ်ခဲ့ပြီး ပြင်ဦးလွင်၊ အင်းလေး၊ ငွေဆောင်၊ နေပြည်တော်၊ ချောင်းသာ အပန်းဖြေစခန်းသို့ သွားရောက်လေ့လာခဲ့သည့် လူရည်ချွန်မောင်မယ်များကိုယ်စား လူရည်ချွန်မောင်မယ်တစ်ဦးက အတွေ့အကြုံများအား ရှင်းလင်းတင်ပြခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက လူရည်ချွန်မောင်မယ်များနှင့်အတူ အမှတ်တရမှတ်တမ်းဓာတ်ပုံရိုက်ကူးခဲ့ပြီး လန်းဆန်းစာများဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြကာ လူရည်ချွန်မောင်မယ်များအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။
ပြည်နယ် (ပြန်/ဆက်)