တာမွေ မေ ၁၂
ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးတိုးတက်စေရေးအတွက် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်မိုးထိုက်မှ ဦးဆောင်၍ ခရိုင်အဆင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်ဝင်းနှင့် အဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်စာရေးဝန်ထမ်းများနှင့် တွေ့ဆုံဆွေးနွေးပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းအချိန်က ရန်ကုန်မြို့ တာမွေမြို့နယ် မေတ္တာညွန့်ရပ်ကွက် အဝေရာလမ်းရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
တွေ့ဆုံပွဲတွင် သင်္ဃန်းကျွန်းခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်မိုးထိုက်က အမှာစကားပြောကြားရာတွင် “ ရက် (၁၀၀) စီမံချက်အတွင်း ပါဝင်သောအချက်များထဲမှ ရေမြောင်းများရေစီးရေလာကောင်းမွန်ရေး ဆောင်ရွက်သွားရန်၊ မိမိရပ်ကွက်အတွင်း ရေကြီးရေလျှံမှုများမဖြစ်အောင် အလေးထားဆောင်ရွက်ရန်၊ မိုးဦးကာလကျရောက်တော့မည်ဖြစ်၍ သွေးလွန်တုပ်ကွေးရောဂါများမဖြစ်ပွားအောင် ခြင်အန္တရာယ်မှကာကွယ်နိုင်ရန် ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်များကို ကျန်းမားရေးဌာနအပြင် မိခင်နှင့် ကလေးစောင့်ရှောက်ရေးအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်ရန်၊ မြို့နယ်အတွင်းရှိ ရှုပ်ထွေးဝိုင်ဖိုင်ကြိုးများကို သက်ဆိုင်ရာဌာန၊ ကုမ္မဏီများနှင့်ပူးပေါင်း၍ ရပ်ကွက်များရှိ လမ်းများအတွင်း အချက် (၃) ချက်ဖြင့် ရှင်လင်းအောင်ဆောင်ရွက်ရန်၊ ပုံစံ (၂၇) မျိုးစာရင်းသည် ရပ်ကွက်နှင့် မြို့နယ်များအတွက် အရေးကြီးသောအချက်အလက်များဖြစ်၍ နည်းလမ်းတကျ ပြည့်စုံအောင် ဖြည့်သွင်းဆောင်ရွက်ထားရန်၊ ရက် (၁၀၀) စီမံချက်တွင်ပါဝင်သော မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များ၌ ပုံစံ (၆၆ / ၆) ပြောင်းဝင် / ပြောင်းထွက်စာရင်းများကို ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှ ပူးပေါင်းကူညီဆောင်ရွက်ရန်၊ တာမွေမြို့နယ် ကျောက်မြောင်းလမ်းသွယ်များရှိ လမ်းဘေးဈေးဆိုင်နေရာများကြောင့် မော်တော်ယာဉ်များ သွားလာရခက်ခဲမှုများရှိကြောင်း သိရှိရ၍ သက်ဆိုင်ရာဌာနနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှ ပူးပေါင်းဆောင်ရွက်ရန်၊ မူးယစ်ဆေးဝါးအန္တရာယ်ကာကွယ်တားဆီးနိုင်ရန်အတွက် ဖမ်းဆီးမှုများစဉ်ဆက်မပြတ်ဆောင်ရွက်ရန်၊ မကြာမီကျောင်းအပ်နှံရေးရာသီရောက်ရှိတော့မည်ဖြစ်ပါ၍ သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းကူညီဆောင်ရွက်ရန် ” စသည်ဖြင့် ပြောကြားခဲ့သည်။ ထို့နောက် တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်လာကြသူများက မြို့နယ်အတွင်း ဆောင်ရွက်လျက်ရှိသည့် လုံခြုံရေး၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ သက်ဆိုင်ရာကဏ္ဍများအလိုက် အသေးစိတ်ရှင်းလင်းဆွေးနွေးတင်ပြခဲ့ကြရာ သင်္ဃန်းကျွန်းခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်မိုးထိုက်က တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
အဆိုပါတွေ့ဆုံပွဲသို့ သင်္ဃန်းကျွန်းခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တာမွေမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်စာရေးဝန်ထမ်းများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
နိုင်လင်းအောင် (ပြန်/ဆက်)