အင်းစိန်မြို့နယ်၌ စာဖတ်ရှိန်မြှင့်မားလာရေးအတွက် Mobile Library Bus ဖြင့် စာအုပ်များသွားရောက်ငှားရမ်းပေး

အင်းစိန် မေ ၁၂

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများအား အသိပညာဗဟုသုတများတိုးပွားရရှိ‌ပြီး စာဖတ်ရှိန်ပိုမိုမြင့်မားလာစေရန်ရည်ရွယ်ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက (Mobile Library Bus) ဖြင့် ဝန်ထမ်းများ၊ ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများအရောက် စာအုပ်များသွားရောက်‌ငှားရမ်းပေးလျက်ရှိရာ ယမန်နေ့က အင်းစိန်မြို့နယ်‌အထွေထွေအုပ်ချုပ်ရေးဦးစီးဌာရုံးနှင့် မြို့နယ်သစ်တောဦးစီးဌာန ရုံးဝန်ထမ်းများထံသို့ သွားရောက်ပြီး သုတ/ ရသစာအုပ်၊ စာစောင်မျိုးစုံယူဆောင်၍ သွားရောက်ငှားရမ်းပေးခဲ့သည်။

အဆိုပါရွေ့လျားစာကြည့်တိုက်ယာဉ်ပေါ်တွင် စာအုပ်များငှားရမ်းဖတ်ရှု့သူများအဆင်ပြေစေရေးအတွက် စာဖတ်သူအကြိုက် စာအုပ်စာစောင်များကို နှစ်ပတ်တစ်ကြိမ် သွားရောက်ငှားရမ်းပေး‌လျက်ရှိရာ ဌာနဆိုင်ရာဝန်ထမ်းများ၊ ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများက အထူးသဘောကျနှစ်ခြိုက်လျက်ရှိကြောင်း သိရသည်။

အသိပညာဗဟုသုတများစွာရရှိမည့် သုတ / ရသ၊ မဂ္ဂဇင်း၊ ဝတ္တု၊ ရုပ်ပြစာအုပ်များပါရှိပြီး စာအုပ်အသစ်များကိုလည်း စဉ်ဆက်မပြတ်လဲလှယ်ပေးလျက်ရှိရာ ယခင်ငှားရမ်းပေးခဲ့သော စာအုပ်များကိုလက်ခံရယူခဲ့ကြပြီး ဆက်လက်ငှားရမ်းပေးခဲ့ရာ ယခုငှားရမ်းပေးခဲ့သောစာအုပ်များကို ရက်သတ္တပတ်တစ်ပတ်ပြည့်လျှင် စာအုပ်အသစ်များဖြင့် ထပ်မံလဲလှယ်ငှားရမ်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထွန်းလင်းကျော် (ပြန်/ဆက်)