မော်လမြိုင် မေ ၅
မွန်ပြည်နယ်တွင် မျိုးဆက်သစ်အားကစားသမားကောင်းများ ပေါ်ထွန်းလာစေရေးနှင့် အားကစားနှင့်လူငယ်များ၏အခန်းကဏ္ဍကို မြှင့်တင်ပေးနိုင်ရန်ရည်ရွယ်၍ ၂၀၂၆ ခုနှစ်၊ မွန်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား (၁၀)မြို့နယ် အသက်(၂၅)နှစ်အောက် အမျိုးသားဘော်လီဘောပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ ပြည်နယ်အားကစားခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာ ပြိုင်ပွဲဝင်အားကစားသမားများမှ ကွင်းအတွင်းနေရာယူ၍ ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ် (၁၀)မြို့နယ် အသက်(၂၅)နှစ်အောက် အမျိုးသားဘော်လီဘောပြိုင်ပွဲကို ကျင်းပပြုလုပ်ပေးခြင်းဖြင့် ဘော်လီဘောအားကစား တိုးတက်မြင့်မားရေးကို အထောက်အကူပြုစေရန်၊ ထူးချွန်ထက်မြက်သည့် မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်လာစေရန်၊ ဘော်လီဘောပြိုင်ပွဲများတွင် မွန်ပြည်နယ်အသင်း အောင်မြင်မှုရရှိစေရန်၊ နိုင်ငံလက်ရွေးစင် ဘော်လီဘောအားကစားသမားများ မွန်ပြည်နယ်မှ ပေါ်ထွက်လာစေရန်စသည့် ရည်ရွယ်ချက်ကောင်းများနှင့် ကျင်းပပေးရခြင်းဖြစ်ကြောင်း၊ မွန်ပြည်နယ်ရဲ့ အားကစားအဆင့်အတန်း တိုးတက်မြင့်မားရေးနှင့် ပြည်နယ်နှင့် တိုင်းဒေသကြီး အားကစားပြိုင်ပွဲများတွင် အောင်မြင်မှုရရှိစေရန်အတွက် လူရွေးချယ်ရေးစီမံချက်၊ လေ့ကျင့်ရေးစီမံချက်၊ အောင်နိုင်ရေး စီမံချက်များရေးဆွဲ၍ သက်ဆိုင်ရာ အားကစားဆပ်ကော်မတီများနှင့် ပူးပေါင်းဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ ပြိုင်ပွဲဝင်အားကစားသမားများမှ ချမှတ်ထားသည့် စည်းမျဉ်း/စည်းကမ်းဘောင်အတွင်းက ကြိုးစားယှဉ်ပြိုင်သွားကြရန်၊ ဒိုင်လူကြီးများကလည်း ဘက်လိုက်မှုကင်းစွာနဲ့ မှန်မှန်ကန်ကန်ဖြင့် ဆောင်ရွက်ပေးကြရန်ပြောကြားကာ ပြိုင်ပွဲဝင်အားကစားသမားများမှ အားကစားသစ္စာအဓိဋ္ဌာန်ရွတ်ဆိုပြီး ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ၂၀၂၆ ခုနှစ် မွန်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား (၁၀)မြို့နယ် အသက်(၂၅)နှစ်အောက် အမျိုးသားဘော်လီဘောပြိုင်ပွဲ အဖွင့်ပွဲစဉ်အနေဖြင့် မော်လမြိုင်မြို့နယ် ဘော်လီဘောအသင်းနှင့် သထုံမြို့နယ် ဘော်လီဘောအသင်းတို့ ယှဉ်ပြိုင်ကစားနေမှုအား ကြည့်ရှုအားပေးခဲ့သည်။
အဆိုပါ ၂၀၂၆ ခုနှစ်၊ မွန်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား (၁၀)မြို့နယ် အသက်(၂၅)နှစ်အောက် အမျိုးသားဘော်လီဘောပြိုင်ပွဲကို မေလ ၄ ရက်နေ့မှ ၈ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
ခင်စန်းမြင့်