မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီးများ ပေါင်မြို့နယ်၌ တိုင်းရင်းသားရေးရာ အသိပညာပေးဟောပြောခြင်းနှင့် ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာ လိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်းအစီအစဉ် တက်ရောက်

ပေါင် မေ ၅

တိုင်းရင်းသားများအား ပြည်ထောင်စုစိတ်ဓာတ်ရှင်သန်ထက်မြက်ရေးနှင့် မျိုးချစ်စိတ်ဓာတ်မြင့်မားစေရေးအတွက် တိုင်းရင်းသားလူမျိုးများ‌ရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ မွန်ပြည်နယ်၊ ညွှန်ကြား‌ရေးမှူးရုံးမှ ဦးဆောင်ကျင်းပပြုလုပ်သော တိုင်းရင်းသားရေးရာ အသိပညာပေးဟောပြောခြင်းနှင့် ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက မွန်ပြည်နယ်၊‌ ပေါင်မြို့နယ်၊ အုန်းတပင်ကျေးရွာ၌ ပြုလုပ်ခဲ့ရာအခမ်းအနားသို့ မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးမျိုးမင်းလှိုင်၊ ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးစောအောင်ကျော်သိန်း၊ ပအိုဝ်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးချစ်သိန်း၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ အုန်းတပင်ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၊ ဒေသခံတိုင်းရင်းသားများ စုစုပေါင်း(၈၁)ဦး တက်ရောက်ခဲ့သည်။

ရှေးဦးစွာ မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးမျိုးမင်းလှိုင်က တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာနသည် နိုင်ငံတော်၏မူဝါဒကို အကောင်အထည်ဖော်ဆောင်ရာတွင် အထောက်အကူဖြစ်စေရန်အတွက် တိုင်းရင်းသားရေးရာကိစ္စရပ်များကို တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း အမှာစကားပြောကြားခဲ့သည်။

ဆက်လက်၍ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ မွန်ပြည်နယ် ညွှန်ကြားရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဒေါ်သန္တာလင်းက တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက်မှုများ၊ အမုန်းစကားနှင့် အကြမ်းဖက်မှုဖြစ်စေရန် လှုံ့ဆော်မှုကို တားဆီးခြင်းဆိုင်ရာ အသိပညာပေးကိစ္စရပ်များအားလည်းကောင်း၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဌေးမို့မို့က တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့်ဥပဒေ၊ နည်းဥပဒေများတွင် ပြဋ္ဌာန်းထားရှိသည့် တိုင်းရင်းသားအခွင့်အရေးဆိုင်ရာကိစ္စရပ်များ၊ လူမျိုးပြုန်းတီးမှုတားဆီးရေးနှင့် ပြစ်ဒဏ်ပေးရေး နိုင်ငံတကာသဘောတူစာချုပ်ကို လိုက်နာဆောင်ရွက်ရေးနှင့်စပ်လျဉ်းသည့် အသိပညာပေးကိစ္စရပ်များကိုလည်းကောင်း၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာန၊ မွန်ပြည်နယ်၊ ညွှန်ကြားရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး မိမြတ်ခတ္တာသင်းက အခြေခံပညာကျောင်းများတွင် တိုင်းရင်းသားစာပေသင်ကြားသည့် ဆရာ၊ ဆရာမ ခန့်ထားခြင်းဆိုင်ရာကိစ္စရပ်များကိုလည်းကောင်း၊ သထုံခရိုင် လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ဖြူစင်ဖွေးက အမျိုးသမီးအခွင့်အရေး၊ မသန်စွမ်းအခွင့်အရေးကလေးသူငယ်အခွင့်အရေး၊ လူငယ်ရေးရာမူဝါဒ၊ လူမှုရေးပင်စင်ဆိုင်ရာကိစ္စရပ်များကိုလည်းကောင်း၊ သထုံခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးညီညီစိုးက နိုင်ငံသားအခွင့်အရေးနှင့် တိုင်းရင်းသားလူမျိုးများ၏ အမည်ရှေ့တွင် ဝိသေသရှေ့ဆောင်စကားလုံးများ ပါဝင်ရေးသွင်းနိုင်ရေး ကိစ္စရပ်များကိုလည်းကောင်း၊ မွန်ပြည်နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်မို့မို့ငြိမ်းက မီးခိုးမြူငွေ့နှင့် Fire Hotspot ဖြစ်ပေါ်မှု လျှော့ချနိုင်ရေးနည်းလမ်းများခေါင်းစဉ်ဖြင့် အသိပညာပေး ဟောပြောခဲ့သည်။ ထို့နောက် တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ မွန်ပြည်နယ်၊ ညွှန်ကြားရေးမှူးရုံးက လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လေးလေးနွယ်က စစ်တမ်းကောက်ယူရသည့် ရည်ရွယ်ချက်နှင့် စစ်တမ်းမေးခွန်းလွှာများတွင် ဖြေဆိုရမည့်ပုံစံများအား ရှင်းလင်းပြောကြားပြီး ဒေသခံတိုင်းရင်းသား (၇၆)ဦးတို့မှ စစ်တမ်းမေးခွန်းလွှာများ ဖြေဆိုခဲ့ကြသည်။ ထို့နောက် ပအိုဝ်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးချစ်သိန်းက အသိပညာပေးဟောပြောသည့် ဌာနများနှင့် ဒေသခံတိုင်းရင်းသားများအား တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေနှင့် နည်းဥပဒေစာအုပ်များ၊ လက်ကမ်းစာစောင်များနှင့် အမှတ်တရလက်ဆောင်ပစ္စည်းပေးအပ်ခဲ့ပြီး ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးစောအောင်ကျော်သိန်းမှ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ပြီး တက်ရောက်လာကြသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြောင်း သိရသည်။

မွန်မလေး (ပြန်/ဆက်)