မြင်းခြံ ဇန်နဝါရီ ၁၈
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့ရှိ သီလရှင်ကျောင်းများတွင် သီတင်းသုံးနေသော သီလရှင် ဆရာလေး အပါး (၂၀၃) ပါးတို့အား ဆန်၊ ဆီ၊ ဝတ္ထုများကို ယမန်နေ့နံနက်ပိုင်းမှ စတင်ကာ ဦးကျော်သောင်းနှင့် ဒေါက်တာကေသီခိုင် (KK မြေမဲဆီသန့် မိသားစု)တို့မှ လိုက်လံ ဆပ်ကပ်လှူဒါန်း ခဲ့ကြောင်း သိရသည်။
"ကိုဗစ်-၁၉ ရောဂါကာလအတွင်းမှာ မြင်းခြံမြို့ရှိ သီလရှင်ကျောင်းများရှိ သီလရှင် ဆရာလေးများက ဆွမ်းဆန်စိမ်းခံ မကြွတော့တဲ့အတွက် စွန်းလွန်းဂူကျောင်း (၄၃) ပါး၊ ပတ္တပိုဏ် ကျောင်း (၁၈) ပါး၊ ရွှေကျင်ကျောင်း (၂၆) ပါး၊ ဇော်တိကာရုံကျောင်း (၇) ပါး၊ ကဉ္စနဝတီကျောင်း (၄၁) ပါး၊ သတိပဌာန်ရိပ်သာ (၁၄) ပါး၊ မဂ္ဂင်ရိပ်သာ (၈) ပါး၊ ရွှေဂူကြီးကျောင်း (၁၃) ပါး၊ ကြောင်ပန်း ကျောင်း (၁) ပါး၊ မဟာစည်ရိပ်သာ (၁၈) ပါး၊ မြဝတီစာသင်တိုက် (၇) ပါး၊ ရှားတောရွာကျောင်း (၇) ပါး စုစုပေါင်း သီလရှင် ဆရာလေး (၂၀၃) ပါးကို ကျောင်းများအရောက် ဆန်၊ ဆီ၊ ဝတ္ထုငွေများ လိုက်လံဆပ်ကပ်ရခြင်းဖြစ်ကြောင်း" အလှူရှင် ဦးကျော်သောင်း+ဒေါက်တာကေသီခိုင်(KK မြေမဲ ဆီသန့် မိသားစု)က ပြောသည်။
မြင်းခြံမြို့ရှိ သီလရှင်ဆရာလေး (၂၀၃) ပါးအတွက် သီလရှင်ဆရာလေး (၁) ပါးလျှင် ဆန် (၁) ပြည်၊ ပဲဆီ ၅၀ ကျပ်သား (၁)ဘူး၊ ဝတ္ထုငွေ (၃၀၀၀) ကျပ်တို့အား ပေးအပ်လှူဒါန်းခဲ့သည်။
ကျော်စွာ(မြင်းခြံ)