သင်္ဃန်းကျွန်းခရိုင်တွင် ရပ်ကွက် (၃၈) ရပ်ကွက်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

သင်္ဃန်းကျွန်း မေ ၁၁

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ သင်္ဃန်းကျွန်းခရိုင် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ယနေ့နံနက် ၁၁ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ သင်္ဃန်းကျွန်းခရိုင် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်မိုးထိုက်က အဖွင့်အမှာစကားပြောကြားရာတွင် သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများသည် မိမိတို့၏ ရပ်ကွက်အတွင်း ဖြစ်ပေါ်သမျှကိစ္စရပ်များအား သိရှိနားလည်ထားရမည်၊ တာဝန်ယူရမည်ဖြစ်ကြောင်း Wifi ကြိုးများစည်းကမ်းမဲ့သွယ်တန်းထားခြင်းအား ခွင့်ပြုချက်တောင်းခံပြီး သတ်မှတ်ချက်များနှင့်အညီ စနစ်တကျဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ရေစီးရေလာကောင်းမွန်ရေး၊ မူးယစ်ဆေးဝါးနှင့် လောင်းကစားကိစ္စရပ်များမဖြစ်ပေါ်ရေး၊ သွေးလွန်တုပ်ကွေးနှင့် ဝမ်းပျက်ဝမ်းလျှောရောဂါများမဖြစ်ပေါ်ရေး ကြီးကြပ်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ကျောင်းအပ်နှံရေး ရက်သတ္တပတ် ရောက်ရှိလာတော့မည်ဖြစ်၍ ကြိုတင်ပြင်ဆင်ထားရန်လိုကြောင်း၊ ဘာသာရေးပွဲတော်များတွင် ဘာသာရေးအမြတ်ထုတ်မှုများမဖြစ်ပေါ်ရေး၊ ပြည်သူ့စစ်မှုထမ်းတာဝန် ထမ်းဆောင်ရာတွင် ရည်မှန်ူချက်ပြည့်မီအောင် ဆောင်ရွက်ပေးကြစေလိုကြောင်း၊ သီးခြားတင်ပြလိုသည်များရှိပါက မိမိထံ အချိန်မရွေးဆက်သွယ်နိုင်ကြောင်း ပြောကြားခဲ့သည်။

အစည်းအဝေးသို့ သင်္ဃန်းကျွန်းခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ ခရိုင်အဆင့် / မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက် (၃၈) ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တက်ရောက်ကြကြောင်း သိရသည်။

ဇော်မိုး (သင်္ဃန်းကျွန်း)