မြင်းခြံမြို့ ဘိုချိုစာကြည့်တိုက် (၁၁) နှစ်ပြည့် နှစ်ပတ်လည်အထိမ်းအမှတ် ပန်းချီနှင့် စာစီစာကုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲပြုလုပ်

မြင်းခြံ မေ ၁၁

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့ အမှတ်(၆)ရပ်ကွက်ရှိ ဘိုချိုစာကြည့်တိုက် (၁၁)နှစ်ပြည့် နှစ်ပတ်လည်အထိမ်းအမှတ် ပန်းချီနှင့်စာစီစာကုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲကို ယမန်နေ့နံနက် ၁၀ နာရီက ဘိုချိုစာကြည့်တိုက်တွင် ကျင်းပခဲ့သည်။

အခမ်းအနားတွင် ဘိုချိုစာကြည့်တိုက် ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဒေါက်တာ တင်လှိုင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဆရာမကြီး (ငြိမ်း) ဒေါ်ခင်လှမြင့်က ပြိုင်ပွဲများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ဘိုချိုစာကြည့်တိုက် (၁၁) နှစ်ပြည့် နှစ်ပတ် လည်အထိမ်းအမှတ် မူလတန်းအဆင့် ပန်းချီပြိုင်ပွဲ၊ အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲနှင့် အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲများတွင် ဆုရရှိသူများအား တာဝန်ရှိသူများက ဆုများ အသီးသီး ပေးအပ်ခဲ့ကြသည်။

အဆိုပါ ဘိုချိုစာကြည့်တိုက် (၁၁) နှစ်ပြည့် နှစ်ပတ်လည်အထိမ်းအမှတ် ပန်းချီနှင့် စာစီစာကုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားသို့ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးနွဲ့၊ ဘိုချိုစာကြည့်တိုက် ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဒေါက်တာ တင်လှိုင်၊ ဆရာမကြီး(ငြိမ်း) ဒေါ်ခင်လှမြင့်၊ ဘိုချိုစာကြည့်တိုက် တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူများနှင့် မိဘများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ချစ်ဦးနွေ(မြင်းခြံ)