မိုင်းယန်း ဇန်နဝါရီ ၁၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင် မိုင်းယန်းမြို့နယ်အတွင်းသို့ အထူးဒေသ(၂) မိုင်းဖျဲန်မြို့ စီးကရက်စက်ရုံ၌ အလုပ်လုပ်ကိုင်သူ မြန်မာအလုပ်သမား (၁၅၁)ဦးအား ယမန်နေ့နံနက် (၇) နာရီခွဲအချိန် က NDAA(မိုင်းလား) ဒေသ အထူး(၄) မိုင်းလား ကျွေးရွာပြည့်သူ့စစ်ခေါင်းဆောင် ဦးဆမ်လော ဦးဆောင်သော တာဝန်ရှိသူ ၇ ဦးတို့မှ လာရောက်ပို့ဆောင်ပေးခဲ့သည်။
အဆိုပါ မြန်မာအလုပ်သမား (၁၅၁)ဦးမှာ အထူးဒေသ(၂) မိုင်းဖျဲန်မြို့ စီးကရက်စက်ရုံသို့ သွားရောက် အလုပ်လုပ်ကိုင်သူများဖြစ်ပြီး မိုင်းယန်းမြို့နယ်၊ မိုင်းလွေကျေးရွာအုပ်စု၊ ယန်းခိုင်းကျေးရွာအနီး ကျိုင်းတုံ- မိုင်းယန်း- မိုင်းလား လမ်းမကြီး မိုင်းတိုင်အမှတ် (၁၀၅/၁၀၆ km) ကြားသို့ လာရောက်ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
မိုင်းယန်းမြို့နယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းလှိုင်ခမ်း၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးဇော်လင်းထက် နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ မြို့နယ်ကျန်းမာရေးဌာနမှ တာဝန်ရှိဝန်ထမ်းများ၊ မြို့နယ်ရဲတပ် ဖွဲ့တို့ပူးပေါင်း၍ ကျန်းမာရေးစစ်ဆေးခြင်းများ၊ လူဦးရေစိစစ်မှုများ ဆောင်ရွက်ကာ မော်တော်ယာဉ် (၃)စီးဖြင့် (၉:၂၀) အချိန်ခန့်က မိုင်းယန်းမြို့နယ်မှ ကျိုင်းတုံမြို့နယ်သို့ ဆက်လက်ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ထွန်းထွန်းထူး(ပြန်\ဆက်)