ပုသိမ်ကြီးမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ရက် (၁၀၀) စီမံချက်အနေဖြင့် VDP စီမံကိန်း မိတ်ဆက်ရှင်းလင်းခြင်း အခမ်းအနား ဆောင်ရွက်

ပုသိမ်ကြီး မေ ၁၁

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် ရက် (၁၀၀) စီမံချက်အနေဖြင့် လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက် ၉ နာရီက အိုင်ကြီးကျေးရွာအုပ်စု၊ တောတွင်ကျေးရွာတွင် VDP စီမံကိန်းမိတ်ဆက် ရှင်းလင်းခြင်း အခမ်းအနားကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ကိုကိုက ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ၊ စီမံချက်များအကြောင်းကို ဆွေးနွေးပြောကြားခဲ့ပြီး VDP စီမံကိန်းအကြောင်းကို မိတ်ဆက်ရှင်းလင်းခဲ့သည်။ ထို့နောက် တက်ရောက်လာကြသော ကျေးလက်နေပြည်သူများထဲမှ စီမံကိန်းကို စိတ်ပါဝင်စားသူများဖြင့် ကော်မတီတစ်ရပ် ဖွဲ့စည်းခဲ့ကြသည်။

အခမ်းအနားသို့ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူးနှင့် ဝန်ထမ်းများ၊ တာဝန်ရှိသူများ၊ ကျေးလက်နေပြည်သူများ တက်ရောက်ခဲ့ကြပြီး ဦးစီးဌာနအနေဖြင့် ကျေးရွာများအရောက် စီမံကိန်းလုပ်ငန်းများ မိတ်ဆက်ရှင်းလင်းခြင်းနှင့်  ကော်မတီဖွဲ့စည်းခြင်း၊ AVIP သင်တန်းပေးခြင်းတို့ကို ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း အဆိုပါ ဦးစီးဌာန တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

မေဝတီ (ပုသိမ်ကြီး)