ပုသိမ် မေ ၁၁
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏စီစဉ်မှု၊ ကျန်းမာရေးဝန်ကြီးဌာန၏ကူညီမှု၊ စေတနာရှင်ပြည်သူများ၏ ပံ့ပိုးမှုတို့ဖြင့်ကုန်တင်ကုန်ချလုပ်သားများနှင့် စည်ပင်အခြေခံဝန်ထမ်းများအား အခမဲ့ဆေးကုသခြင်းကို ယမန်နေ့နံနက်ပိုင်းက ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမတွင်ကုသပေးခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးအေးကျော်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ သွားရောက်ကြည့်ရှုအားပေးခဲ့သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဆေးလာရောက်ကုသသည့် ကုန်တင်ကုန်ချလုပ်သားများ၊ စည်ပင်အခြေခံဝန်ထမ်းများကို ကျန်းမာရေးဝန်ထမ်းများက သွေးပေါင်ချိန်ပေးခြင်း၊ သွေးစစ်ဆေးပေးခြင်းများနှင့်အရေပြားအထူးကုဆရာဝန်ကြီး၊ အထွေထွေရောဂါအထူးကုဆရာဝန်ကြီး၊ နား၊ နှာခေါင်း၊ လည်ချောင်းအထူးကုဆရာဝန်ကြီး၊ အရိုးနှင့် ထိခိုက်ဒဏ်ရာအထူးကုဆရာဝန်ကြီး၊ ကလေးအထူးကုဆရာဝန်ကြီး၊ ခွဲစိတ်အထူးကု ဆရာဝန်ကြီး၊ သားဖွားမီးယပ်အထူးကုဆရာဝန်ကြီး၊ သွားနှင့်ခံတွင်းအထူးကုဆရာဝန်ကြီးနှင့် မျက်စိအထူးကုဆရာဝန်ကြီးများက ဆေးကုသပေးနေမှုများကို ကြည့်ရှုအားပေးခဲ့၍ ရင်းနှီးနွေးထွေးစွာ အားပေးနှုတ်ဆက်ခဲ့ပြီး တာဝန်ရှိသူများမှ ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်ပေးမှု အခြေအနေများ အားရှင်းလင်းတင်ပြမှုအပေါ် ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုများ ပိုမိုဆောင်ရွက်ပေးနိုင်ရေးနှင့် လိုအပ်သည်များ မှာကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က အထူးကုဆရာဝန်ကြီးများကို လက်ဆောင်ပစ္စည်းများအားလည်းကောင်း၊ ပံ့ပိုးကူညီသည့် စေတနာရှင်ပြည်သူများအား ဂုဏ်ပြုမှတ်တမ်းလွှာကိုလည်းကောင်း ပေးအပ်ခဲ့ပြီးနောက် စေတနာရှင်ပြည်သူများက ပုသိမ်ပြည်သူ့ဆေးရုံးကြီးအတွက် အလှူငွေများ ဆက်လက်ပေးအပ်ခဲ့ရာ တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးက လက်ခံရယူခဲ့ကြောင်း သိရသည်။
လှမင်းထွဋ်(ပြန်/ဆက်)