ကျိုင်းတုံ မေ ၁၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသန်းထွန်းဦး၊ ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းနော်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် ယမန်နေ့က ကတ်ထိုက်ကျေးရွာအုပ်စုနှင့် ကတ်တောင်ကျေးရွာအုပ်စုများရှိ ဒေသခံပြည်သူများနှင့် တွေ့ဆုံပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
တွေ့ဆုံပွဲတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသန်းထွန်းဦးနှင့် ရှမ်းပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းနော်တို့က ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးနှင့် ပတ်သက်၍ ဆွေးနွေးပြောကြားသည်။ ထို့နောက် ဒေသခံပြည်သူက ပညာရေး၊ ကျန်းမာရေး၊ လျှပ်စစ်မီးရရှိရေး၊ လယ်/ယာစိုက်ပျိုးရေးလုပ်ငန်းများ တိုးတက်မြင့်မားလာရေးနှင့် ဒေသဖွံ့ဖြိုးရေးအတွက် လိုအပ်ချက်များတင်ပြဆွေးနွေးရာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နှင့် ရှမ်းပြည်နယ် လွှတ်တော်ကိုယ်စားလှယ်တို့က ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ထို့နောက် ကတ်ထိုက်ကျေးရွာအုပ်စုအတွင်းရှိ ဒေသခံပြည်သူများအား နိုင်ငံတော်အစိုးရ၏ ရက် (၁၀၀) စီမံချက်ဖြင့် နိုင်ငံသားစီစစ်ရေးကတ်ပြားနှင့် UID ထုတ်ပေးခြင်းဆောင်ရွက်နေမှုနှင့် ဝမ်ဟကျေးရွာတွင် ရိုးရာအုပ်ကျွပ်လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးသည်။
ထို့နောက် လွှတ်တော်ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများသည့် ကတ်ဖကျေးရွာအုပ်စု၊ ဝမ်ဆိုင်းကျေးရွာ အခြေခံပညာမူလတန်းကျောင်းသို့ ရောက်ရှိပြီး ဒေသခံပြည်သူများနှင့် တွေ့ဆုံပြီး ကျောင်းအတွက် White Board များ ပေးအပ်ခဲ့ကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)