ထန်းတပင် မေ ၁၁
(၃၈) ဖြာမင်္ဂလာတရားတော်မြတ်များကို လိုက်နာကျင့်သုံးနိုင်စေရန် ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီနှင့် ထန်းတပင်မြို့နယ်ဗုဒ္ဓဘာသာ ကလျာဏ ယုဝအသင်း (YMBA) တို့ပူးပေါင်းဖွင့်လှစ်ခဲ့သည့် နွေရာသီ (၃၈) ဖြာမင်္ဂလာနှင့် အခြေခံယဥ်ကျေးလိမ္မာသင်တန်းဆင်းပွဲကို မေလ (၁၀) ရက်နေ့နံနက်ပိုင်းက လမုတန်းကြီးကျေးရွာအုပ်စု၊ လမုတန်းကြီးကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြသည်။
ဦးစွာ နမောတဿ သုံးကြိမ် ရွတ်ဆို၍ အခမ်းအနားစတင်ခဲ့ကြပြီး မြို့နယ်ဗုဒ္ဓဘာသာကလျာဏ ယုဝအသင်း (YMBA) ဥက္ကဋ္ဌ ဦးသန်းဝင်းက သင်တန်းဆင်းအမှာစကားများနှင့် အတွင်းရေးမှူး ဦးရန်လင်းအောင်က သင်တန်းဖွင့်လှစ်ခဲ့ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ကြသည်။
နွေရာသီယဥ်ကျေးလိမ္မာသင်တန်းများဖြစ်သည့် အခြေခံဗုဒ္ဓဘာသာယဥ်ကျေးလိမ္မာ (KG) အဆင့်သင်တန်းနှင့် (၃၈) ဖြာမင်္ဂလာနှင့် ဗုဒ္ဓဝင်၊ ပြည်သူ့နီတိအခြေခံ ပထမအဆင့်သင်တန်းသို့ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၁၃၀) ဦးတို့ တက်ရောက်ခဲ့ကြပြီး သင်တန်းကို မေလ (၄) ရက်နေ့မှ မေလ (၁၀) ရက်နေ့အထိ နေ့စဥ်ဖွင့်လှစ်သင်ကြားပေးခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။
ဇင်မင်းထိုက် (ထန်းတပင်)