ထန်းတပင်မြို့နယ်၊ တက်သစ်ကျေးရွာနေပြည်သူများအား ရက် (၁၀၀) စီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားပြုလုပ်ပေးခြင်းနှင့် နိုင်ငံသားကိုယ်ရေးအချက်အလက် (UID) ထုတ်ပေးခြင်းလုပ်ငန်းများဆောင်ရွက်ပေး

ထန်းတပင်(ရန်ကုန်) မေ ၁၁

ရက် (၁၀၀) စီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေး ခြင်းလုပ်ငန်းများနှင့် နိုင်ငံသားကိုယ်ရေးအချက်အလက် (UID) ထုတ်ပေးခြင်းလုပ်ငန်းများကို ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ တက်သစ်ကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွင် ယမန်နေ့နံနက်ပိုင်းက ကျေးရွာနေပြည်သူများအား တာဝန်ရှိသူများက မြေပြင်ကွင်းဆင်း ပြုလုပ်ဆောင်ရွက်ပေးခဲ့သည်။

ကွင်းဆင်းဆောင်ရွက်ပေးရာတွင်လည်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ထန်းတပင်မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးခင်ဆွေနှင့် ဝန်ထမ်းများက ရက် (၁၀၀) စီမံချက်ဖြင့် တက်သစ်ကျေးရွာနေပြည်သူများအား အိမ်ထောင်စုလူဦးရေစာရင်း ထုတ်ပေးခြင်းလုပ်ငန်းများ၊ ကျေးရွာအတွင်း အကြောင်းအမျိုးမျိုးကြောင့် ကျန်ရှိနေသည့် အသက် (၁၈) နှစ်ပြည့်ပြီး ကျေးရွာနေပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားပြုလုပ် ပေးခြင်းလုပ်ငန်းများနှင့် နိုင်ငံသားကိုယ်ရေးအချက်အလက် (UID) ထုတ်ပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

မြေပြင်ကွင်းဆင်းဆောင်ရွက်ပေးနေမှုအခြေအနေများကိုလည်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဦသိန်းရီ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးတိုင်းရ၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်ဦးစိုးဝင်းအောင်၊ မှော်ဘီခရိုင်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူးဦးခင်မောင်သန်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးနိုင်နိုင်ဦးနှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များက ကြည့်ရှုအားပေးခဲ့ကြပြီး ဆောင်ရွက်ပြီးစီးခဲ့သည့် နိုင်ငံသားကိုယ်ရေးအချက်အလက် (UID) ကတ်များကို ကျေးရွာနေပြည်သူများ လက်ဝယ်အရောက်ပေးအပ်ခဲ့ကြကြောင်း သိရသည်။

ဇင်မင်းထိုက်(ထန်းတပင်)