သံဖြူဇရပ် မေ ၁၁
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၌ နွေရာသီကျောင်းပိတ်ရက် ကျောင်းသား၊ကျောင်းသူများအား အခြေခံပန်းချီရေးဆွဲနည်း သင်တန်းကို မေ ၁၁ ရက်နေ့မှစ၍ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ဖွင့်လှစ်လျက်ရှိသည်။
ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်အေးအေးသီက ကျောင်းသား/ကျောင်းသူများ တီထွင်ကြံဆနိုင်စွမ်းနှင့် စိတ်ကူးစိတ်သန်းများ ပိုမိုရင့်သန်စေရန် ရည်ရွယ်၍ နွေရာသီ အခြေခံပညာပန်းချီရေးဆွဲနည်းသင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ပြောကြားပြီး၊ အ-လ-က(ခွဲ) အောင်ဇေယျကျောင်းအုပ်ဆရာမကြီး၊ ဒေါ်ခင်ဋ္ဌေးမော်က သင်တန်းမှတစ်ဆင့် ဝါသနာတူသူငယ်ချင်းအသစ်များနှင့် ပေါင်းသင်းဆက်ဆံတတ်ခြင်း၊ အဖွဲ့အစည်းနှင့် ပူးပေါင်းဆောင်ရွက်တတ်သည့် အကျိုးရလဒ်ကောင်းများ ရရှိစေနိုင်ကြောင်း ပြောကြား၍၊ ပန်းချီဆရာ ဦးကျင်ဟုတ်က ပန်းချီ၏သဘောတရားနှင့် အခြေခံမျဉ်းကြောင်းများ ရေးဆွဲပုံတို့မှအစ၊ စနစ်တကျ ရေးဆွဲတတ်မြောက်စေရန်နှင့် မိမိတို့ကျောင်းများတွင် သင်ခန်းစာများ သင်ယူရာ၌ ပုံဆွဲခြင်းပညာကို အထောက်အကူများစွာ ရနိုင်ပြီး စိတ်ပါဝင်စားစွာဖြင့် ပြီးဆုံးသည်အထိ သင်ယူကြစေရေး ပြောကြားသင်တန်းဆက်လက်ပို့ချသည်။
အဆိုပါသင်တန်းကို မူလတန်းအဆင့်နှင့် အလယ်တန်းအဆင့် ကျောင်းသား၊ကျောင်းသူ ၂၅ ဦး တက်ရောက်ပြီး သင်တန်းနည်းပြအဖြစ် ပန်းချီပညာရှင်မှ မေ ၁၁ ရက်နေ့မှ ၂၀ ရက်နေ့အထိ ၁၀ ရက်ကြာ စာတွေ့၊ လက်တွေ့ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)